International News

တန်ဖိုးဖြည့်ခွန် (VAT) လျှော့ချခြင်းကို နှစ်ကုန်အထိ သက်တမ်းတိုးမြင့်သွားမည်

Last Updated:

၁၅ ကြိမ်မြောက် အမျိုးသားလွှတ်တော် အမြဲတမ်းကော်မတီက ဗီယက်နမ်နိုင်ငံ၏ လူမှုစီးပွားဘဝ ပြန်လည်ဦးမော့လာစေရန်အတွက် ကုန်စည်နှင့် ဝန်ဆောင်မှုအချို့ပေါ်တွင် တန်ဖိုးဖြည့်ခွန် (VAT) ကောက်ခံခြင်းအပေါ် ၂ ရာခိုင်နှုန်း လျှော့ချခြင်းအား ဆက်လက် သက်တမ်းတိုးမြှင့်သွားရန် အတည်ပြုခဲ့ကြောင်း Vietnam News Agency အွန်လိုင်းသတင်း ဖော်ပြချက်အရသိရှိရပါသည်။

ကော်မတီ၏ ၃၄ ကြိမ်မြောက် အစည်းအဝေးတွင် အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ Nguyen Thi Thanh က အခွန် ၁၀ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်းသို့ ဆက်လက်လျှော့ချခြင်းသည် လုပ်ငန်းရှင်များအား ၎င်းတို့၏ ထုတ်လုပ်မှုနှင့် လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန် တွန်းအားပေးခြင်းဖြင့် ပြည်တွင်းစားသုံးမှုကို မြှင့်တင်ပေးရန်ဖြစ်ကြောင်း အလေးအနက် ပြောကြားခဲ့သည်။

တစ်ချိန်တည်းတွင် အမျိုးသားလွှတ်တော် ဒုဥက္ကဌ Tran Duc Hai မှ ကော်မတီနှင့် စစ်ဆေးရေးအေဂျင်စီများထံမှ သဘောထားမှတ်ချက်များ ရယူပြီး အခွန်လျှော့ချမှုဆိုင်ရာ ဆုံးဖြတ်ချက် (မူကြမ်း) ကို လွှတ်တော်သို့ မတင်သွင်းမီ ထည့်သွင်းစဉ်းစားရန်နှင့် အစိုးရအနေဖြင့် နိုင်ငံတော်ဘဏ္ဍာငွေနှင့် အသုံးစရိတ် ခန့်မှန်းချက်များကို မထိခိုက်စေဘဲ ယခုနှစ်အတွင်း အခွန်လျှော့ပေါ့ပေးသင့်သည်ဟု ၎င်းကပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။

 

 

Source: Vietnam News Agency

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News