International News

ပြည်ပမှထိုင်းနိုင်ငံအတွင်းသို့ တန်ဖိုးနည်းပစ္စည်းများ ဝင်ရောက်လာခြင်းနှင့်စပ်လျဉ်း၍ ဆောင်ရွက်မည့်အစီအစဉ်တစ်ရပ်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မူကြမ်းရေးဆွဲလျက်ရှိခြင်း

Last Updated:

ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့် နိုင်ငံခြားမှတန်ဖိုးနည်းကုန်ပစ္စည်းများနှင့် စပ်လျဉ်း၍ ဖြေရှင်းဆောင်ရွက်သွားမည့် အစီအစဉ်တစ်ရပ်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မူကြမ်းရေးဆွဲလျက်ရှိကြောင်း သိရှိရပါသည်။

နိုင်ငံခြား e-commerce ပလက်ဖောင်းများ ဝင်ရောက်လာခြင်းသည် အရည်အသွေးနိမ့်သော ပစ္စည်းများကို အွန်လိုင်းမှရောင်းချမှုကိုဖြစ်စေပြီး စားသုံးသူများနှင့် ပြည်တွင်း အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို ထိခိုက်စေပါကြောင်း၊ ထိုင်းအသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို ပံ့ပိုးပေးရန် တာဝန်ပေးအပ်ထားသည့် ဝန်ကြီးဌာနက ကော်မတီခွဲက အရည်အသွေးနိမ့် နိုင်ငံခြားမှကုန်စည်များကို နှိမ်နှင်းသွားရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များပါဝင်၍ အစည်းအဝေးတစ်ရပ်ကျင်းပခဲ့ကြောင်း၊ ယင်းအစည်းအဝေးတွင် တင်သွင်းလာသည့် ကုန်စည်များအပေါ် စိုက်ပျိုးရေး၊ လူသုံးကုန်နှင့် စက်မှုပစ္စည်းအစရှိသဖြင့် အုပ်စုခွဲခြား၍ နှိမ်နှင်းသွားမည့် အစီအမံများကို ဆွေးနွေးခဲ့ပါကြောင်း ဒုတိယဝန်ကြီး H.E Mr. Napintorn Srisunpang က ပြော ကြားခဲ့ပါသည်။

စိုက်ပျိုးရေးထုတ်ကုန်များကိုပင်ရင်းနှင့် လူတို့၏ကျန်းမာရေးအန္တရာယ်ဖြစ်သော ပိုးသတ်ဆေး ဓာတ်ကြွင်းများကို စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ လူသုံးကုန်ပစ္စည်းများကို လုံခြုံစိတ်ချရမှုနှင့် အရည်အသွေးကို စစ်ဆေးသွားမည်ဖြစ်ပြီး Temu နှင့် Lazada ကဲ့သို့သော e-commerce အွန်လိုင်း ပလက်ဖောင်းများမှ ရရှိနိုင်သည့် ပစ္စည်းများကိုဖြစ်ကြောင်း၊ နိုင်ငံခြား e-commerce လုပ်ငန်း ဆောင်ရွက်သူများသည် ဒီဂျစ်တယ်ပလက်ဖောင်းဝန်ဆောင်မှု ဥပဒေအရ ထိုင်းနိုင်ငံအတွင်းတွင် မှတ်ပုံတင်ထားသောရုံးများ ဖွင့်လှစ်ထားရန် လိုအပ်ပါကြောင်း၊ နိုင်ငံခြားစီးပွားရေးလုပ်ငန်းများ အက်ဥပဒေ ၁၉၉၉ အရ နိုင်ငံခြား ဒီဂျစ်တယ်ပလက်ဖောင်း ဝန်ဆောင်မှုလုပ်ငန်းရှင်များသည် စားသုံးသူအကာအကွယ်ပေးရေး ဘုတ်အဖွဲ့၏ ခွင့်ပြုချက် ရယူထားရန်လိုအပ်ကြောင်း သိရှိရပါသည်။

တရုတ်အွန်လိုင်းရောင်းချသူ Temu သည် ထိုင်းနိုင်ငံတွင် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့ ရက်စွဲဖြင့် တရားဝင်အဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ထားပါကြောင်း၊ အေဂျင်စီအနေဖြင့် လိုအပ်သော ညွှန်ကြားချက်များကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း၊ စက်မှုသုံး ကုန်စည်များအတွက် ထိုင်းစက်မှုစံနှုန်းအင်စတီကျုမှ သတ်မှတ်ထားသော စံနှုန်းများနှင့် ကိုက်ညီသည့်တင်သွင်းကုန်စည်များကို အကောက်ခွန်ဦးစီးဌာနက ခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ အစည်းအဝေးမှ ကာလတို၊ ကာလလတ်နှင့် ကာလရှည်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ခွင့်ပြုခဲ့ပါကြောင်း၊ ကာလတို အစီအစဉ်များသည် နှစ်ကုန်ပိုင်းတွင် ပြီးစီးမည်ဖြစ်ပြီး ကာလလတ်အတွက် ၂၀၂၅ ခုနှစ်၌ ထိုင်းထုတ်ကုန်များကို ပြည်တွင်းနှင့် ပြည်ပတွင် ယှဉ်ပြိုင်မှုကိုမြှင့်တင်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကာလရှည်တွင် ထိုင်းထုတ်ကုန်များအတွက် ဈေးကွက်များ တိုးချဲ့သွားရန်နှင့် ရေရှည်တည်တံ့မှုအတွက် ဖန်တီးပေးသွားနိုင်ရေးအတွက် ဆက်စပ်ဥပဒေများကို ပြင်ဆင်သွားမည်ဖြစ်ပြီး ၂၀၂၅ ခုနှစ် အောက်တိုဘာတွင် စတင်အသက်ဝင်နိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

၂၀၂၇ ခုနှစ်တွင် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများမှဝင်ငွေ၏ GDP တွင် ပါဝင်နှုန်းကို ၃၅.၂ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းသို့ တိုးတက်လိုကြောင်း၊ မျှော်မှန်းထားချက်ကို ပြည့်မီရန်မှာ အသေးစားနှင့် အလတ်စားလုပ်ငန်းများကို သင်တန်းများ၊ ဘဏ္ဍာငွေများမှတစ်ဆင့်ထောက်ပံ့ပေးရန်၊ အွန်လိုင်ဈေးကွက်နေရာများမှတစ်ဆင့် ထုတ်ကုန်များရောင်းချပေးခြင်း၊ နိုင်ငံတကာပြပွဲများတွင် လုပ်ငန်းချိတ်ဆက်မှုများ ဆောင်ရွက်ပေးခြင်းတို့ဖြစ်ကြောင်း၊ ပြည်ပမှတန်ဖိုးနည်းကုန်ပစ္စည်းများ တင်သွင်းဖြန့်ဖြူးခြင်းနှင့်စပ်လျဉ်း၍ အဖြေရှာရန် လိုအပ်သောမူဝါဒများနှင့် အစီအမံများချမှတ်ရန် ကော်မတီခွဲတွင် အခွင့်အာဏာရှိပါကြောင်း၊ ပိုမိုတင်းကျပ်သော ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ၊ အနာဂတ်ကုန်သွယ်မှုနှင့်ကိုက်ညီသည့် သက်ဆိုင်ရာဥပဒေများ ပြင်ဆင်ခြင်း၊ အခွန်အစီအမံများဆောင်ရွက်ခြင်း၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို ထောက်ပံ့ပေးခြင်းနှင့်ကုန်သွယ်ရေးမိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ခြင်း စသည့်ဆောင်ရွက်သွားမည့်အစီအမံ (၅) ခုနှင့် လုပ်ငန်းစဉ် (၆၃) ခု ရှိကြောင်း သိရှိရပါသည်။

Source: www.bangkokpost.com ၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News