ထိုင်းနိုင်ငံအတွင်းရှိ ဒူးရင်းသီးတောင်သူ ၈.၈ သန်းအတွက် ဒီဂျစ်တယ်ပလက်ဖောင်းနှင့် တီထွင်ဆန်းသစ်မှုကို အသုံးပြုခြင်းဖြင့် ဒူးရင်းသီးထုတ်လုပ်မှုနှင့် စံနှုန်းများချမှတ်နိုင်ရန် ရည်ရွယ်၍ “ဒီဂျစ်တယ်ဒူးရင်းသီး” စီမံကိန်းကို ဒီဂျစ်တယ်စီးပွားရေးမြှင့်တင်မှုအေဂျင်စီက ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါစီမံကိန်းသည် တောင်သူများ၏သီးနှံအချက်အလက်များမှတ်သားခြင်း၊ သိမ်းဆည်းခြင်းနှင့် နောက်ကြောင်းလိုက်ခြင်းတို့တွင် Application အသုံးပြုရာ၌ ကြုံတွေ့နေရသော စိန်ခေါ်မှုများကို ဖြေရှင်းရန်ဖြစ်ကြောင်း၊ တရုတ်နှင့် အိမ်နီးချင်းနိုင်ငံတို့မှ ယှဉ်ပြိုင်မှုများ ပြင်းထန်နေသော်လည်း ထိုင်းထုတ်ကုန်များ၏ ကမ္ဘာ့အဆင့်မီ တန်ဖိုးကိုမြှင့်တင်ရန်အတွက် ပြည်တွင်း သာမက ပြည်ပရှိစားသုံးသူများ၏ ယုံကြည်မှုကို မျှော်လင့်ထားပါကြောင်း၊ ထိုင်းနိုင်ငံတွင် ဒူးရင်းသီးစိုက်ပျိုးမှုမှာ ၁.၀၂ သန်း ရိုင်ရှိပြီး တန်ချိန် ၁.၅၃ သန်း ထုတ်လုပ်လျက်ရှိပါကြောင်း၊ ၂၀၂၃ ခုနှစ်တွင် သစ်သီး ပို့ကုန် စုစုပေါင်း၏ ၆၉ ရာခိုင်နှုန်းသည် ဒူးရင်းသီးဖြစ်ပြီး တန်ချိန် ၉၉၁,၅၅၇ ဖြစ်ကြောင်း၊ တရုတ်သည် ထိုင်းဒူးရင်းသီး၏ အဓိကဈေးကွက်ဖြစ်ကြောင်း၊ စီမံကိန်းသည် အကြွေးပြဿနာဖြေရှင်းရန်၊ ဝင်ငွေ၊ နေထိုင်မှုစရိတ်နှင့် လူမှုအသိုက်အဝန်းတည်ငြိမ်စေရေး စသည့် အစိုးရ၏ မူဝါဒများနှင့်လည်း ကိုက်ညီကြောင်း ဒီဂျစ်တယ်စီးပွားရေးနှင့် လူမှုရေးဝန်ကြီးဌာန အကြံပေး Mr. Pantanu Wannagangsai က ပြောကြားခဲ့ပါသည်။
စီမံကိန်းသည် ဒူးရင်းစိုက်ပျိုးသည့် အိမ်ထောင်စု ၆,၁၀၀ ကို ၂ နှစ် တာကာလအတွင်းရှိ စိုက် ပျိုးရေးအချက်အလက်များ မှတ်သားနိုင်ရန် ဒီဂျစ်တယ်ပလက်ဖောင်း အသုံးပြုနိုင်ရန်ဖြစ်ကြောင်း၊ အချက်အလက်စုဆောင်းခြင်းဖြင့် ထိုင်းစိုက်ပျိုးရေး၏ ဒူးရင်းကဏ္ဍအတွက် အချက်အလက်များပါဝင်စေရန်ဖြစ်ကြောင်း၊ ပြည်နယ် ၂၃ ခုရှိ တောင်သူ ၁၂,၂၀၀ ကို e-commerce အက်ပလီကေးရှင်းနှင့် Good Agricultural Practices (GAP) အတွက် သင်တန်းပေးမည်ဖြစ်ကြောင်း၊ GAP စံနှုန်းအောက်မှ ထိုင်းဒူးရင်းသီးပို့ကုန်တန်ဖိုးကို ၂ နှစ်အတွင်း တန်ချိန် ၁၅၂,၅၀၀၊ တန်ဖိုးအားဖြင့် ဘတ် ၁၉.၈ ဘီလီယံ ရရှိရန် မျှော်မှန်းထားပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း သမာရိုးကျ စိုက်ပျိုးရေးတွင် ဈေးကွက်အခြေပြုတီထွင်ဆန်းသစ်ခြင်းကို မိတ်ဆက်ခြင်းဖြင့် တောင်သူများ၏ ဝင်ငွေတိုးပွားရန် ကတိပြုထားကြောင်း သိရှိရပါသည်။
ပို့ကုန်တိုးမြှင့်ရေးဆောင်ရွက်ရာတွင်ရှိပြီးဈေးကွက်များ ထိန်းသိမ်းခြင်း၊ ဈေးကွက်သစ်များ ရှာဖွေခြင်း တို့အပြင် ထုတ်ကုန်များ၏ စံချိန်စံညွှန်းများကို ကမ္ဘာ့အဆင့်မီဖြစ်စေရေး မြှင့်တင်ရန်လည်း လိုအပ်ပါသည်။ ယင်းသို့ မြှင့်တင်ရာတွင် တောင်သူများတွင် ဒီဂျစ်တယ်နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ နည်းပညာဗဟုသုတများ ရှိစေရေးအတွက် သင်တန်းများပေးခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်နိုင်ကြောင်း သိရှိရပါသည်။
Source: www.bangkokpost.com ၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။