International News

ဟောင်ကောင်ဒေသ၏ လက်ရှိအတိုးနှုန်း မပြောင်းလဲဘဲ ဆက်လက်ထားရှိ

Last Updated:

အမေရိကန်ဗဟိုဘဏ်၏ ဆုံးဖြတ်ချက်ကဲ့သို့ပင် ဟောင်ကောင်ဒေသ ဘဏ်အတိုးနှုန်းများ မပြောင်းလဲကြောင်း ၂၀၂၄ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် South China Morning Post သတင်းဌာနမှ “Hong Kong holds base rate at 5.75% after Fed’s unanimous vote to keep watching for signs of slowing US inflation” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

အခြေခံအတိုးနှုန်း (base rate) များကို ၅.၇၅ ရာခိုင်နှုန်းတွင် ဆက်လက်ထားရှိမည်ဖြစ် ကြောင်း ဟောင်ကောင်ဒေသ ဗဟိုဘဏ် (HKMA) မှ ကြာသပတေးနေ့တွင် ပြောကြားခဲ့ကြောင်း၊ ထိုသို့မထုတ်ပြန်မီ အမေရိကန်ဗဟိုဘဏ်မှ ၎င်းတို့၏ ၂၃ နှစ်အတွင်း အမြင့်ဆုံးအတိုးနှုန်းဖြစ်သည့် ၅.၂၅ ရာခိုင်နှုန်းမှ ၅.၅ ရာခိုင်နှုန်းအတိုင်း ဆက်လက်ထားရှိရန် ကန့်ကွက်မဲမရှိသဖြင့် ဆုံးဖြတ်ခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

အမေရိကန်ဗဟိုဘဏ်၏ ၂၀၂၄ ခုနှစ်အတွင်း ဒုတိယအကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ် ချက်ဖြစ်သည့် ယခုအစည်းအဝေး ဆုံးဖြတ်ချက်သည် ဇန်နဝါရီလ ဆုံးဖြတ်ချက်တွင် ထုတ်ပြန်ခဲ့သည့်အတိုင်း အမေရိကန်၏ ငွေကြေးဖောင်းပွမှု ဆက်လက်မြင့်တက်နေခြင်းကြောင့် အတိုးနှုန်းလျှော့ချရန် မသင့်လျော်သေးကြောင်း ဖော်ပြထားသည်ဟု ရေးသားဖော်ပြထားပါသည်။

၁၉၈၃ ခုနှစ်မှစ၍ ဟောင်ကောင်ဒေါ်လာကို အမေရိကန်ဒေါ်လာနှင့် ချိတ်ဆက်ထားသည့် စနစ်ကြောင့် ဟောင်ကောင်ဒေသ ဗဟိုဘဏ်အနေဖြင့် လက်ရှိအတိုးနှုန်းအတိုင်း ဆက်လက်ထားရှိခြင်းဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်၊ မတ်လ မှ ၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်း ၁၁ ကြိမ် တိုးမြှင့်ခဲ့သည့် ဟောင်ကောင်ဒေသ၏ လက်ရှိအတိုးနှုန်းသည် ၂၀၀၇ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ အမြင့်ဆုံး အတိုးနှုန်းဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

CME Group မှ စုဆောင်းထားရှိသည့် အချက်အလက်များအရ အမေရိကန်ဗဟိုဘဏ်အနေဖြင့် လာမည့်ဧပြီလ မူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်တွင် အတိုးနှုန်း လျှော့ချသွားရန် မဖြစ်နိုင်သေးကြောင်း၊ ဇွန်လ၌ အတိုးနှုန်း စတင်လျှော့ချပါက ဟောင်ကောင်ဒေသမှ ဘဏ်များအနေဖြင့် ၎င်းတို့၏ အတိုးနှုန်းများကို ယခုနှစ်နှောင်းပိုင်းတွင် စတင်လျှော့ချသွားနိုင်ကြောင်းနှင့် အတိုးနှုန်း လျော့ကျလာခြင်းနှင့် အိမ်ခြံမြေဈေးကွက်ဆိုင်ရာ အတားအဆီးများကို ပယ်ဖျက်ပေးခြင်းတို့သည် အဆိုပါကဏ္ဍ ရောင်းဝယ်မှုများ မြင့်တက်လာစေရန်အတွက် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသမှ Standard Chartered ဘဏ်၊ Bank of China (Hong Kong)နှင့် အခြားငွေချေးဘဏ်များအနေဖြင့် ၎င်းတို့၏ အတိုးနှုန်းများဖြစ်သည့် prime rates နှင့် deposit rates ပြောင်းလဲမှုအခြေအနေကို ယနေ့ထုတ်ပြန်ကြေညာမည်ဖြစ်ပြီး၊ အဆိုပါဘဏ်များသည် ၂၀၂၂ ခုနှစ် စက်တင်ဘာလမှစ၍ ယနေအချိန်အထိ ၎င်းတို့၏ prime rates ကို ငါးကြိမ်တိုးမြှင့် ထားရာ လက်ရှိအချိန်တွင် basis points ၈၇.၅ ရှိကြောင်း ရေးသားဖော်ပြထားပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

 

Category: International News