International News

၂၀၂၄ ခုနှစ်တွင် ဟောင်ကောင်ဒေသ၏ လက်လီရောင်းချမှု ၅ ရာခိုင်နှုန်း မြင့်တက်ရန် မျှော်မှန်း

Last Updated:

တရုတ်ပြည်မနှင့် ဟောင်ကောင်ဒေသတို့အကြား နယ်စပ်များ ပြန်ဖွင့်ခဲ့ခြင်းကြောင့် ၂၀၂၃ ခုနှစ်အတွင်း ဟောင်ကောင်ဒေသ၏ လက်လီရောင်းချမှုကဏ္ဍတွင် တိုးတက် မှုရှိခဲ့ပြီး စုစုပေါင်း လက်လီရောင်းချမှု ၁၆ ရာခိုင်နှုန်း၊ တန်ဖိုးအားဖြင့် ဟောင်ကောင်ဒေါ်လာ ၄၀၇ ဘီလီယံဖိုး ရောင်းချနိုင်ခဲ့ကြောင်း Hong Kong Business သတင်းဌာနမှ ၂၀၂၄ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့ တွင် “Hong Kong retail eyes 5% growth in 2024” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်နှင့် တရုတ်ပြည်မတို့အကြား အပြန်အလှန် ခရီးသွားလာမှုနှင့် ဈေးဝယ်ယူခြင်းတို့ကြောင့် ယခုကဲ့သို့ လက်လီရောင်းချမှု မြင့်တက်ခြင်းဖြစ်ကြောင်း၊ အလားတူ ဘဏ်ဖွင့်လှစ်ခြင်းကြောင့်လည်း ၂၀၂၃ ခုနှစ်၊ ပထမနှစ်ဝက်အတွင်း ဟောင်ကောင်ဒေသ၏ လက်လီရောင်းချမှု သိသိသာသာ မြင့်တက်လာစေခြင်းဖြစ် ကြောင်း PwC Asia Pacific ဥက္ကဋ္ဌဖြစ်သူ Michael Cheng က‌ ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

၂၀၂၃ ခုနှစ် အစပိုင်းတွင် လက်လီကဏ္ဍအတွက် အလားအလာကောင်းသော်လည်း ကမ္ဘာ့စီးပွားရေးအခင်းအကျင်း အထူးသဖြင့် အမေရိကန်နိုင်ငံ၏ မရေရာသည့်အတိုးနှုန်းလျှော့ချမည့် မျှော်မှန်းချက်ကြောင့် ဟောင်ကောင်ဒေသ၏ လက်လီရောင်းချမှုအပေါ် သက်ရောက်မှုရှိကြောင်း၊ ဟောင်ကောင်ဒေါ်လာနှင့် ချိတ်ဆက်ထားသည့် အမေရိကန်ဒေါ်လာ၏ ခိုင်မာမှုနှင့် ယွမ်ငွေကြေး အားနည်းလာခြင်းတို့ကြောင့် တရုတ်ပြည်မမှ ခရီးသွားလာရောက်မှုနှင့် ငွေကြေးသုံးစွဲမှု လျော့ကျလာခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံမှ ခရီးသွားလာရောက်မှုသည် ဟောင်ကောင်ဒေသ လက်လီရောင်းချမှုလုပ်ငန်းအတွက် သိသိသာသာ အထောက်အကူပြုကြောင်း ရေးသားဖော်ပြထားပါ သည်။

၂၀၂၄ ခုနှစ်အတွင်း လက်လီရောင်းချမှုကဏ္ဍသည် စုစုပေါင်းရောင်းချငွေ ဟောင်ကောင် ဒေါ်လာ ၄၂၈ ဘီလီယံဖြင့် ယခင်နှစ်ကထက် ၅ ရာခိုင်နှုန်း တိုးတက်နိုင်ပြီး သတိထားအကောင်း မြင်ရမည့် အခြေအနေဖြစ်ကြောင်း PwC ခန့်မှန်းချက်တွင် ဖော်ပြထားပါသည်။  သို့သော် တစ်နှစ်ပတ်လုံး တိုးတက်မှုအနေဖြင့် ၂၀၂၄ နှစ်စပိုင်းတွင် တိုးတက်မှု အသင့်အတင်ရှိနိုင်ပြီး၊ ဒုတိယနှစ်ဝက်တွင် တိုးတက်မှု အရှိန်အဟုန်ကောင်းလာနိုင်သည်ဟု ခန့်မှန်းထားကြောင်း ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသ အစိုးရအနေဖြင့် ဒေသ၏ 'night economy' မြှင့်တင်ရန်နှင့်  ကမ္ဘာ့အဆင့်မီ ဖျော်ဖြေရေးပွဲများ လက်ခံကျင်းပရန် ရည်ရွယ်၍ မူဝါဒများချမှတ်ခြင်း အပါအဝင် လက်လီရောင်းချမှုကဏ္ဍအပေါ် တွန်းအားဖြစ်စေရန်နှင့် ခရီးသွားလာရောက်မှု ဆွဲဆောင်နိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း စသည် ဖြင့် ရေးသားဖော်ပြထားပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: International News