International News

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင် နိုင်ငံတကာ အစားအသောက်နှင့် အဖျော်ယမကာပြပွဲ (HCMC Foodex 2024) ကျင်းပ

Last Updated:

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင် နိုင်ငံတကာ အစားအသောက်နှင့် အဖျော်ယမကာပြပွဲ (HCMC Foodex 2024) ကို မေလ ၁၅ ရက်နေ့က ဖွင့်လှစ်ခဲ့ပြီး ပြည်တွင်းနှင့် ပြည်ပလုပ်ငန်းပေါင်း ၄၀၀ နီးပါးက ၎င်းတို့၏ ထုတ်ကုန်များကို ခင်းကျင်းပြသခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါလေးရက်တာ ခင်းကျင်းပြသသည့် (HCMC Foodex 2024) အခမ်းအနားအား “တန်ဖိုးများနှင့် ဖွံ့ဖြိုးတိုးတက်မှု အပြန်အလှန် ချိတ်ဆက်မှု” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး ပြခန်း ၅၀၀ ခန့် ပါဝင်ကာ အစားအသောက်နှင့် စိုက်ပျိုးရေးထွက်ကုန်များ၊ ကုန်ကြမ်း သို့မဟုတ် တစ်ဝက် တစ်ပျက် ပြုပြင်မွမ်းမံထားသော ပုံစံများအား ပြသထားကြောင်း၊ အဆိုပါပြပွဲသည် စီးပွားရေးလုပ်ငန်းများအတွက် စားသုံးသူများကို ရှာဖွေရန်နှင့် မိတ်ဖက်များထူထောင်ရန် အခွင့်အလမ်းပေးမည်ဖြစ်ပါကြောင်း၊ ပြပွဲတွင် ဧည့်သည် ၁၈၀၀၀ ကို ဆွဲဆောင်နိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါသည်။

ပြပွဲသည် စီးပွားရေးလုပ်ငန်းများအနေဖြင့် ထုတ်လုပ်မှုနှင့် ကုန်သွယ်မှု ပြန်လည်ကောင်းမွန်လာစေရန်နှင့် ဟိုချီမင်းမြို့၏ စားသောက်ကုန် ပြုပြင်ထုတ်လုပ်ရေး လုပ်ငန်း၏ ဖွံ့ဖြိုးတိုးတက်မှုတို့ကို မိတ်ဆက်ပေးရန် မျှော်လင့်ပါကြောင်းဖြင့် စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ငုယင်ဗန်ဒွန်းက ပြောကြားခဲ့ပါသည်။

ပြည်တွင်းပြည်ပ ဈေးကွက်ချဲ့ထွင်ရေး လုပ်ငန်းများကို ပံ့ပိုးကူညီရန်အတွက် ကုန်သွယ်မှုမြှင့်တင်ရေးလုပ်ငန်းများကို စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။ ဟိုချီမင်းမြို့သည် ၂၀၂၄ ခုနှစ် ပထမလေးလပတ်တွင် စုစုပေါင်းပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၅.၀၅ ဘီလီယံရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၁၈.၁ ရာခိုင်နှုန်း တိုးလာကြောင်း ဖော်ပြထား ပါသည်။

 

 

Source: Vietnam Economic Times

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News