International News

အာရပ်စော်ဘွားများပြည်ထောင်စု၏ ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီက ကုန်းမြေချိတ်ဆက်စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံရေးနှင့်စပ်လျဉ်း၍ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် Mr. Srettha Thavisin နှင့် ဆွေးနွေးသွားရန်ရှိ

Last Updated:

အာရပ်စော်ဘွားများပြည်ထောင်စု၊ ဒူဘိုင်းမြို့ အခြေစိုက် နိုင်ငံပေါင်းစုံထောက်ပံ့ပို့ဆောင် ရေးကုမ္ပဏီဖြစ်သော DP World က ထိုင်းနိုင်ငံအစိုးရ၏ ဘတ် ၁ ဘီလီယံ ကုန်းမြေချိတ်ဆက် စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလျက်ရှိကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရှိရပါသည်။

DP World ၏ CEO နှင့် ဆိပ်ကမ်းများ၊ အကောက်ခွန်နှင့် ကင်းလွတ်ဇုန်ကော်ပိုရေးရှင်း၏ ဥက္ကဋ္ဌ Mr. Sultan Ahmed Bin Sulayem က ဇူလိုင် ၁ ရက်နေ့တွင် ဝန်ကြီးချုပ်နှင့် တွေ့ဆုံ၍ ကုန်းမြေချိတ်ဆက်စီမံကိန်းတွင် ပူးတွဲရင်းနှီးမြှုပ်နှံသွားမည့် ၎င်း၏ စိတ်ဝင်စားမှုကို ပြသသွားမည်ဖြစ်ကြောင်း၊ DP World ကဲ့သို့သော ကုမ္ပဏီက စိတ်ဝင်စားမှုပြသခြင်းသည့် ကျေနပ်ဖွယ်ဖြစ်ကြောင်း၊ DP World သည် ထောက်ပံ့ပို့ဆောင်ရေး၊ ကုန်သေတ္တာသယ်ယူပို့ဆောင်ရေး၊ ဆိပ်ကမ်းလုပ်ငန်းစဉ်များ၊ သင်္ဘောဖြင့် သယ်ယူပို့ဆောင်ရေးနှင့် လွတ်လပ်သောကုန်သွယ်ရေးဇုန်များ ဆောင်ရွက်သည့် နယ်ပယ်တွင် ထိပ်တန်း ကုမ္ပဏီတစ်ခုဖြစ်ကြောင်း၊ ၂၀၀၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၁ နှစ်လျှင် သင်္ဘောအစီးရေ ၇၀,၀၀၀ က သယ်ဆောင်လာသော ကုန်သေတ္တာ အလုံးရေ ၇၀ သန်းကိုကိုင်တွယ်နေပါကြောင်း၊ နိုင်ငံ ၄၀ ရှိ ဆိပ်ကမ်း ၈၂ တွင် လုပ်ငန်းလည်ပတ်နေပါကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီး Mr. Suriya Jungrungreangkit က ပြောကြားခဲ့ပါသည်။

DP World အကြီးတန်းအရာရှိများကို စီမံကိန်းနှင့်စပ်လျဉ်း၍ အကျဉ်းချုပ်တင်ပြနိုင်ရေး ဝန်ကြီးဌာနကို လမ်းညွှန်ထားပါကြောင်း၊ ဝန်ကြီးချုပ်နှင့် DP World တို့ တွေ့ဆုံပြီးပါက ဘတ်ဂျက်ပမာဏ ကြီးမားသည့် စီမံကိန်းသည် ယခုအစိုးရသက်တမ်းတွင် ရုပ်လုံးပေါ်လာနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ စီမံကိန်းအောင်မြင်ပြီးစီးပါက နိုင်ငံစီးပွားရေးအတွက် ဘတ် ၁ ထရီလီယံ ရရှိလာနိုင်မည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံသူများအတွက် ပြပွဲစီစဉ်ပြီးဖြစ်ပါကြောင်း၊ တောင်ဘက်စီးပွားရေးစင်္ကြံ ဥပဒေမူကြမ်းကို ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး စက်တင်ဘာလတွင် အစိုးရအဖွဲ့သို့ တင်ပြသွားနိုင်မည်ဖြစ် ကြောင်း ဝန်ကြီး Mr. Suriya က ဖြည့်စွက်ပြောကြားခဲ့သည်။

 

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News