International News

ထိုင်းနိုင်ငံ၏ ယခင်အစိုးရလက်ထက်က သိုလှောင်သိမ်းဆည်းထားခဲ့သည့် ဆန်ဟောင်းများအား လေလံတင် ရောင်းချခဲ့

Last Updated:

ထိုင်းနိုင်ငံ၏ ယခင်အစိုးရလက်ထက်က သိုလှောင်သိမ်းဆည်းထားခဲ့သည့် ဆန်ဟောင်းများအား လေလံတင်ရောင်းချရာတွင် V8 Intertrading Co Ltd မှ ၁ တန်လျှင် ၁၉,၀၇၀ ဘတ်ဖြင့် တန်ချိန် ၁၅,၀၀၀ အတွက် လေလံအောင်မြင်ခဲ့ကြောင်း သိရှိရပါသည်။

နိုင်ငံအတွက် ဘတ် ၂၈၆ သန်း ရရှိမည်ဖြစ်၍ ရလဒ်သည် အထင်ကြီးအံ့ဩဖွယ်ဖြစ်ကြောင်း၊ လေလံတင်ရောင်းချမှုကြောင့် လာမည့်နိုဝင်ဘာလ သီးနှံရာသီအတွက် အနှောင့်အယှက် တစ်စုံ တစ်ရာမဖြစ်ပွားနိုင်ကြောင်း၊ ဆန်များကို သိုလှောင်ရုံအတွင်း အချိန်ကြာမြင့်စွာ သိမ်းဆည်းထားသော်လည်း အရည်အသွေးကောင်းမွန်နေဆဲဖြစ်ကြောင်း သေချာစေသည့် အစိုးရ၏ ဆန်သိုလှောင်သိမ်းဆည်းမှု အစီအမံများကို လေလံတင်သူက ယုံကြည်ကြောင်းကို လေလံဈေးနှုန်းက ဖော်ပြနေပါကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး Mr. Phumtham Wechayachai က ပြောကြားခဲ့ပါသည်။

V8 Intertrading Co Ltd က Poolphol  သိုလှောင်ရုံမှ ဆန်များအတွက် လေလံဈေးနှုန်းကို ဘတ် ၆၄ သန်းနှင့် Kittichai သိုလှောင်ရုံမှ ဆန်များအတွက် လေလံဈေးနှုန်းကို ဘတ် ၂၂၂ သန်း အဆိုပြုခဲ့ပါကြောင်း၊ ၁ တန်လျှင် ၁၉,၀၇၀ ဘတ် (၁ ကီလိုဂရမ်လျှင် ၁၉.၀၇၀ ဘတ်) ဖြစ်ပါကြောင်း၊ ရလဒ်ကို ကြေညာပြီးနောက် V8 Intertrading Co Ltd သည် ဝယ်ယူရေးစာချုပ်ကို Public Warehouse Organization နှင့် ချုပ်ဆိုရန် ရက် ၃၀ ရရှိပါကြောင်း၊ ယင်းနောက် ကုမ္ပဏီအနေဖြင့် အရောင်းအတွက် သတ်မှတ်ထားသည့် အရည်အသွေးများပြည့်မီစေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်း၌ ရောင်းချရန် ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာနနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့၏ အတည်ပြုချက်ကိုလည်းကောင်း၊ ပို့ကုန်အတွက် နိုင်ငံခြားကုန်သွယ်မှုဦးစီးဌာန၏ အတည်ပြုချက်များ ရယူရန် လိုအပ်မည်ဖြစ် ကြောင်း ဝန်ကြီး Mr. Phumtham က ဖြည့်စွက်ပြောကြားခဲ့ပါသည်။

 

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News