International News

ထိုင်းနိုင်ငံ၌ ခရီးသွားလုပ်ငန်းနှင့် စီးပွားရေးလုပ်ငန်းများတွင် တောက်ပလာသည့် အလားအလာများကြောင့် ဂျပန်ကုမ္ပဏီများက ပိုမိုရင်းနှီးမြှုပ်နှံရန်ဆန္ဒရှိ

Last Updated:

ထိုင်းနိုင်ငံ၌ ယခုနှစ်ဒုတိယနှစ်ဝက်တွင် ခရီးသွားလုပ်ငန်းနှင့် စီးပွားရေးလုပ်ငန်းများ၌ ပြန် လည်ကောင်းမွန်လာမည့် ခန့်မှန်းချက်များကြောင့် ဂျပန် ပြည်ပကုန်သွယ်ရေးအဖွဲ့အစည်း (Japan External Trade Organization-JETRO) က ထိုင်းနိုင်ငံရှိ ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်သွားရန် ဖော်ပြလျက်ရှိကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရှိရပါသည်။

ပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီး Mr. Suriya Jungrungreangkit သည် JETRO (ဗန်ကောက်) ဥက္ကဋ္ဌ Mr. Kuroda Jun နှင့် ထိုင်းနိုင်ငံရှိ ဂျပန်ကုန်သည်ကြီးများအသင်းမှ အကြီးတန်းအရာရှိများနှင့် တွေ့ဆုံခဲ့ပါကြောင်း၊ အဆိုပါ အစည်းအဝေးတွင် ထိုင်းနိုင်ငံရှိ ဂျပန်လုပ်ငန်းများ၏ နှစ်ဝက်အစီရင်ခံစာနှင့် ပို့ဆောင်ရေးကဏ္ဍတွင် ပိုမိုပူးပေါင်းဆောင်ရွက်သွားရန် ကတိကဝတ်များလည်း ဆွေးနွေးခဲ့ပါကြောင်း၊ အစီရင်ခံစာအရ ပထမနှစ်ဝက်တွင် လုပ်ငန်းများ၏ အခြေ အနေကျဆင်းနေသော်လည်း အစိုးရ၏ စီးပွားရေးလှုံ့ဆော်မည့် အစီအမံများနှင့် ခရီးသွားမြင့်တက်သည့်ရာသီ၌ ခရီးသွားတို့၏ သုံးစွဲမှုမြင့်တက်လာနိုင်သည့် အလားအလာများကြောင့် လာမည့် ၆ လတာကာလတွင် လုပ်ငန်းများ၏ အခြေအနေမြင့်တက်လာနိုင်သည်ဟု မျှော်လင့်ထား ကြောင်း သိရှိရပါသည်။

ဂျပန်လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမည့် ပမာဏကို တိုင်းတာကြည့်ပါက ၄၅ ရာခိုင်နှုန်းသည် မပြောင်းလဲဘဲ ၂၃ ရာခိုင်နှုန်းသည် တိုးမြှင့်နိုင်သလို ၁၈ ရာခိုင်နှုန်းသည် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှု ကို လျှော့ချနိုင်ကြောင်း၊ ပို့ကုန်အပေါ် တုံ့ပြန်ချက်များအရ ၄၈ ရာခိုင်နှုန်းသည် မပြောင်းလဲဘဲ ၃၃ ရာခိုင်နှုန်းသည် တိုးမြှင့်နိုင်သလို ၂၀ ရာခိုင်နှုန်းသည် ကျဆင်းနိုင်ကြောင်း၊ ထိုင်းနိုင်ငံရှိ ၎င်းတို့၏ အဓိက ပို့ကုန်ဈေးကွက်များမှာ ဗီယက်နမ်၊ အိန္ဒိယနှင့် အင်ဒိုနီးရှားတို့ဖြစ်ပြီး  ထိုင်းဘတ်ငွေလဲလှယ်နှုန်း ၃၅.၅ ဘတ်တွင်ရှိနေမှုအပေါ် ယူဆတွက်ချက်ထားခြင်းဖြစ်ကြောင်း၊ ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသော ဂျပန်ကုမ္ပဏီများကြုံတွေ့နေရသည့် စိန်ခေါ်မှုများမှာ နိုင်ငံခြားကုမ္ပဏီများ၏ ယှဉ်ပြိုင်မှု (၆၅ ရာခိုင်နှုန်း)၊ လုပ်ခလစာမြင့်တက်လာမှု (၄၃ ရာခိုင် နှုန်း)၊ ကုန်ပစ္စည်း ဈေးနှုန်းများမြင့်တက်လာမှု (၄၂ ရာခိုင်နှုန်း) နှင့် ငွေလဲလှယ်နှုန်း အတက် အကျဖြစ်ခြင်း (၂၇ ရာခိုင်နှုန်း) ဖြစ်ကြောင်း သိရှိရပါသည်။

ဂျပန်လုပ်ငန်းများက ထိုင်းအစိုးရကို ဆောင်ရွက်စေလိုသည့် အစီအမံများနှင့်စပ်လျဉ်း၍ စစ် တမ်းကောက်ယူချက်အရ အများစုသည် စားသုံးမှုကို လှုံ့ဆော်ပေးစေလိုခြင်း (၃၁ ရာခိုင်နှုန်း)၊ သဘာဝပတ်ဝန်းကျင် ပြဿနာအတွက် ဖြေရှင်းစေလိုခြင်း (၂၁ ရာခိုင်နှုန်း) နှင့် အခြေခံ အဆောက်အဦ တိုးတက်စေလိုခြင်း (၂၀ ရာခိုင်နှုန်း) တို့ဖြစ်ကြောင်း၊ အခြေခံအဆောက်အဦ (၂၅ ရာခိုင်နှုန်း)၊ ဗီဇာနှင့် ပါမစ်ထုတ်ပေးမှု (၁၉ ရာခိုင်နှုန်း) နှင့် အစိုးရအုပ်ချုပ်မှုစနစ်တွင် ဒီဂျစ်တယ် စနစ်အသုံးပြုမှု (၁၂) ရာခိုင်နှုန်းအပါအဝင်   မူဝါဒပိုင်း၌ ကောင်းမွန်ပါကြောင်း၊ “Ignite Thailand” နှင့်စပ်လျဉ်း၍ တုံ့ပြန်မှု ကောင်းမွန်ပါကြောင်း၊ ထောက်ပံ့ပို့ဆောင်ရေးတိုးတက်မှု (၄၁ ရာခိုင်နှုန်း)၊ အနာဂတ်တွင် မော်တော်ကားထုတ်လုပ်မှု (၃၃ ရာခိုင်နှုန်း)၊ ခရီးသွားလုပ်ငန်း (၂၃ ရာခိုင်နှုန်း) နှင့် ဆေးဘက်ဆိုင်ရာနှင့် ကျန်းမာရေးစောင့်ရှောက်မှု (၂၀ ရာခိုင်နှုန်း) ဖြစ်ကြောင်း သိရှိရပါသည်။

ပို့ဆောင်ရေးဝန်ကြီးဌာနက တင်ပြသည့် အခြေခံအဆောက်အဦဖွံ့ဖြိုးမှု အစီအစဉ်များတွင် ဂျပန်ကုမ္ပဏီများက စိတ်ဝင်စားမှုပြသပါကြောင်း၊ အဆိုပါ အစီအစဉ်များတွင် ဒွန်မောင်းလေဆိပ် ဖွံ့ဖြိုးတိုးတက်မှု တတိယအဆင့်၊ သုဝဏ္ဏဘူမိလေဆိပ် တောင်ဘက် Terminal တည်ဆောက်ခြင်း၊ ချင်းမိုင်နှင့် ဖူးခက်လေဆိပ်များ တိုးချဲ့ခြင်းနှင့် မြောက်ဘက်တွင် လန်နားလေဆိပ်တည်ဆောက်ခြင်းနှင့် တောင်ဘက်တွင် အက်ဒမန်လေဆိပ်တည်ဆောက်ခြင်းကဲ့သို့သော လေဆိပ်များ တိုးချဲ့ခြင်းတို့ဖြစ်ကြောင်း၊ နိုင်ငံတစ်ဝှမ်း နှစ်လမ်းသွားရထားလမ်းစီမံကိန်းနှင့် ရထားခအတွက် ဘတ် ၂၀ နှုန်းထား မူဝါဒကိုလည်း စိတ်ဝင်စားမှုပြသပါကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီး Mr. Suriya Jungrung- reangkit က ပြောကြားခဲ့ပါသည်။

 

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News