International News

ကမ္ဘာ့ဘဏ်က အိန္ဒိယ၏ ၂၀25 ခုနှစ်အတွက် GDP တိုးတက်မှု ခန့်မှန်းချက်ကို စိုက်ပျိုးထုတ်လုပ်မှုကောင်းမွန်ခြင်းနှင့် အလုပ်အကိုင်တိုးတက်မှုတို့ကြောင့် 7% တွင် ဆက်လက်ရှိနေမည်ဟု ခန့်မှန်း

Last Updated:

စိုက်ပျိုးထုတ်လုပ်မှု ကောင်းမွန်ခြင်းနှင့် မူဝါဒပိုင်းဆိုင်ရာ ပုဂ္ဂလိကသုံးစွဲမှုကို တွန်းအားပေးခြင်း အစီအစဉ်များဖြင့် ခိုင်မာသောအလုပ်အကိုင်များ တိုးတက်လာမှုကြောင့် ကမ္ဘာ့ဘဏ်က ပြီးခဲ့သည့်လတွင် ခန့်မှန်းထားသည့်အတိုင်း အိန္ဒိယနိုင်ငံ၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှု (GDP) တိုးတက်မှု ခန့်မှန်းချက်ကို 7% တွင် ဆက်လက်ခန့်မှန်းထားကြောင်း သိရှိရသည်။

ကမ္ဘာ့ဘဏ်၏အဆိုအရ ၂၀၂၅ ဘဏ္ဍာနှစ်တွင် အိန္ဒိယနိုင်ငံ၏ တိုးတက်မှုနှုန်းသည် ဘူတန်ပြီးလျှင် တောင်အာရှနိုင်ငံများတွင် ဒုတိယအမြင့်ဆုံးဖြစ်နိုင်သော်လည်း လာမည့်ဘဏ္ဍာ ရေးနှစ်တွင် တိုးတက်မှုနှုန်း 6.7% ဖြင့် အမြန်ဆုံးတိုးတက်နေသည့် စီးပွားရေးကို ပြန်လည်ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။

ဘူတန်၏စီးပွားရေးသည် 2024-25 ဘဏ္ဍာနှစ် (ဇူလိုင်မှဇွန်လ) တွင် 7.2% တိုးတက်ရန် မျှော်လင့်ထားကြောင်း သိရှိရပြီး  အိန္ဒိယနိုင်ငံ၏ ဗဟိုဘဏ် (RBI) က ဗုဒ္ဓဟူးနေ့တွင် ၎င်း၏ ဂျီဒီပီ ခန့်မှန်းချက်ကို 7.2% ရှိမည်ဟု ဆက်လက်ပြောကြားထားသည်။

အိန္ဒိယနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု တိုးတက်မှုနှုန်းအနေဖြင့် မြင့်မားသည့် အခြေအနေမှ အလယ် အလတ်အဆင့်သို့ မျှော်မှန်းထားပါကြောင်း ကမ္ဘာ့ဘဏ်၏ အောက်တိုဘာလတွင် ဖြန့်ဝေခဲ့သည့်  တောင်အာရှဖွံ့ဖြိုးတိုးတက်မှု စစ်တမ်းတစ်ခုဖြစ်သည့် အမျိုးသမီးများ၊ အလုပ်အကိုင်နှင့် တိုးတက်မှု စာတမ်းတွင် ပြောကြားခဲ့သည်။

ယင်းခန့်မှန်းချက်သည် အိန္ဒိယနိုင်ငံ၏ ကပ်ရောဂါအကြိုကာလဖြစ်သည့် ၂၀၁၇-၂၀၁၉ ခုနှစ်ကာလအတွင်း  ပျမ်းမျှတိုးတက်မှုနှုန်းနှင့် ကိုက်ညီပြီးအခြားသော အဓိကထွန်းသစ်စစျေးကွက်များနှင့် ဖွံ့ဖြိုးဆဲစီးပွားရေး (Emerging markets and developing economies - EMDEs) အများစုထက် သာလွန်ကြောင်း သိရှိရသည်။

အိန္ဒိယနိုင်ငံ၏ ဂျီဒီပီတိုးတက်မှုနှုန်းသည် ကမ္ဘာ့ဘဏ်၏စက်တင်ဘာထုတ်ပြန်မှုနှင့် နှိုင်းယှဉ်ပါက ပြောင်းလဲခြင်းမရှိသော်လည်း ဧပြီလ ခန့်မှန်းချက် 6.6% ထက် 0.4 ရာခိုင်နှုန်း တိုးလာခဲ့သည်။

ကမ္ဘာ့ဘဏ်သည် ဘင်္ဂလားဒေ့ရှ်နှင့် မော်လ်ဒိုက်မှလွဲ၍ တောင်အာရှနိုင်ငံ အားလုံးအတွက် စီးပွားရေးအလားအလာကို တိုးမြှင့်ခန့်မှန်းခဲ့သည်ကိုလည်း တွေ့ရှိရသည်။

အိန္ဒိယတွင် ပုဂ္ဂလိကက သုံးစွဲမှု မြင့်မားလာခြင်းနှင့် ဘူတန်၊ နီပေါနှင့် သီရိလင်္ကာတို့တွင် ခရီး သွားလုပ်ငန်းနှင့် ရေအားလျှပ်စစ်တင်ပို့မှုတိုးတက်လာခြင်းကြောင့် တောင်အာရှ၏ ထုတ်လုပ် မှုသည် 2025 ခုနှစ်တွင် 6.2% တိုးတက်မည်ဟု မျှော်လင့်ရကြောင်းလည်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။

အိန္ဒိယသည် ပထဝီဝင်နိုင်ငံရေးအရ စွန့်စားရမှုနဲခြင်းနှင့် ခိုင်မာသော စီးပွားရေး အခြေခံများရှိသော တည်နေရာများကိုရှာဖွေနေသည့် ကမ္ဘာလုံးဆိုင်ရာရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်ဖွယ်ရှိသည်ဟုလည်း ကမ္ဘာ့ဘဏ်က ပြောကြားထားသည်။

 

Source: World Bank maintains India’s FY25 GDP growth forecast at 7% amid strong agricultural production, employment growth, The Economic Times,

(စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News