International News

အရှေ့အလယ်ပိုင်းပဋိပက္ခများအား ထိန်းထားနိုင်လျှင် ကမ္ဘာ့ကုန်သွယ်မှုသည် ၂၀၂၅ ခုနှစ်တွင် ၃% တိုးတက်လာနိုင်သည်ဟု WTO က ခန့်မှန်း

Last Updated:

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သည် အရှေ့အလယ်ပိုင်း ပဋိပက္ခများကို ထိန်းထားနိုင်မည်ဟု ယူဆကာ ကမ္ဘာ့ကုန်သွယ်မှုသည် ၂၀၂၅ ခုနှစ်တွင် နောက်ထပ် ၃ % တိုးလာဖွယ်ရှိကြောင်း ပြီးခဲ့သည့် ကြာသပတေးနေ့၌ ခန့်မှန်းပြောကြားခဲ့ကြောင်း သိရှိရသည်။

၂၀၂၃ ခုနှစ်တွင် ငွေကြေးဖောင်းပွမှုနှင့် အတိုးနှုန်းများ မြင့်တက်မှုအခြေအနေများ ကြုံတွေ့ခဲ့ ရပြီး ယခုနှစ်တွင် ကမ္ဘာ့ကုန်သွယ်မှုသည် ပြန်လည်ကောင်းမွန်လာခဲ့ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှု စောင့်ကြည့်ရေးအဖွဲ့က ကုန်သွယ်မှုပမာဏမှာ ဧပြီလတွင် ၂.၆% တိုးလာမည်ဟု ခန့်မှန်းထားပြီး၊ ပြီးခဲ့သည့် ကြာသပတေးနေ့တွင် ၂.၇% အထိ တိုးလာမည့်ဟု ပြန်လည်ပြင်ဆင်ခန့်မှန်းခဲ့ကြောင်း သိရှိရသည်။

WTO ညွှန်ကြားရေးမှူးချုပ် Ngozi Okonjo-Iweala က  ၂၀၂၄ ခုနှစ်တွင် ကမ္ဘာ့ကုန်သွယ်မှု သည် တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာရန် မျှော်လင့်ထားသော်လည်း အထူးသဖြင့်အရှေ့အလယ်ပိုင်းဒေသကဲ့သို့သော ဒေသဆိုင်ရာပဋိပက္ခများ တိုးလာနိုင်သည့် အလားအလာများကိုလည်း သတိပြုရန် လိုအပ်မည်ဖြစ်ကြောင်း၊ တိုက်ရိုက်ပတ်သက်နေသည့် နိုင်ငံများအတွက် သက်ရောက်မှုမှာ အလွန်ပြင်းထန်နိုင်သကဲ့သို့ ကမ္ဘာလုံးဆိုင်ရာစွမ်းအင်ကုန်ကျစရိတ်နှင့် သင်္ဘော လမ်းကြောင်းများကိုလည်း သွယ်ဝိုက်သက်ရောက်မှုရှိနိုင်ကြောင်း၊ အစ္စရေးက ဂါဇာရှိ ဟားမတ်စ်နှင့် တစ်နှစ်ကြာ စစ်ပွဲအပြီး လက်ဘနွန်၏ ဟစ်ဇ်ဘိုလာများကို မကြာသေးမီရက်သတ္တပတ်များအတွင်း ထိုးစစ်ဆင်လိုက်ခြင်းကြောင့် အရှေ့အလယ်ပိုင်းစစ်ပွဲဆီသို့ ကူးပြောင်းလာမည်ကို စိုးရိမ်မှုများဖြစ်ပေါ်စေခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

အဓိကစီးပွားရေးနိုင်ငံများကြားတွင် ဗဟိုဘဏ်များသည် အတိုးနှုန်းများကို လျော့ချသည့် အတွက် ငွေကြေးမတည်ငြိမ်မှုများနှင့် အရင်းအနှီးများစီးဆင်းမှု အပြောင်းအလဲ ဖြစ်ပေါ်စေနိုင်မှုသည် အခြားသော စိုးရိမ်စရာအချက်တစ်ခုဖြစ်ကြောင်း WTO က ၎င်း၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

သို့ရာတွင် ဖွဲ့ဖြိုးပြီးနိုင်ငံများတွင် အတိုးနှုန်းဖြတ်တောက်မှုများသည် ငွေကြေးဖောင်းပွမှုကို မဖြစ်ပေါ်ဘဲ မျှော်လင့်ထားသည်ထက်ပိုမိုအားကောင်းသော တိုးတက်မှုနှုန်းကို လှုံ့ဆော်ပေးနိုင်မည့် အလားအလာအချို့လည်းရှိသည်ဟု WTO မှ ပြောကြားထားကြောင်း သိရှိရသည်။

 

 

Source: Global trade could climb 3% in 2025 if MidEast conflicts contained, WTO says, The Economic Times,

(စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News