International News

အိန္ဒိယအဓိကဆိပ်ကမ်းများရှိ ပြည်ပသို့တင်ပို့မည့် ဆန်ဖြူနှင့် ပေါင်းဆန်များကို အကောက်ခွန်ဌာနမှ ထိန်းသိမ်း၍ အထူးကြပ်မတ်ဆောင်ရွက်လျက်ရှိ

Last Updated:

အိန္ဒိယအစိုးရမှ ဆန်တင်ပို့မှု ပြန်လည်ခွင့်ပြုခဲ့သော်လည်း အဓိကဆိပ်ကမ်းများရှိ ပြည်ပသို့တင်ပို့မည့် ဆန်ဖြူနှင့် ပေါင်းဆန်များကို အကောက်ခွန်ဌာနမှ ထိန်းသိမ်း၍ အထူးကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း The Hindu businessline သတင်းဌာနက ယခုလ ၁၀ ရက်က ဖော်ပြသည်။

ပြည်ပသို့တင်ပို့မည့် ဆန်များကို ကုန်သေတ္တာဌာနများ (container freight stations -CFS) ၌ ထိန်းသိမ်းထားရှိကာ ဆန်ဖြူနှင့် ပေါင်းဆန်ရောနှော တင်ပို့ခြင်းမရှိစေရန် အထူးကြပ်မတ် ဆောင်ရွက်လျက်ရှိသည်။ ပေါင်းဆန်အတွက် ပို့ကုန်ခွန် ၁၀ ရာခိုင်နှုန်း ပေးဆောင်ရန် လိုအပ် သည့်အတွက်ဖြစ်ကြောင်း သိရသည်။ “အခြေအနေက အရင်ကနှင့် ပြောင်းပြန်ဖြစ်နေပါတယ်။” ဟု အမည်မဖေါ်လိုသော ဆန်ကုန်သည်တစ်ဦးက ပြောကြားခဲ့သည်။ အကောက်ခွန်ဌာနက ယခုနှစ်၊ စက်တင်ဘာလကုန်ပိုင်းအထိ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ကတည်းကပိတ်ပင်ထားခဲ့သည့် ဆန်ဖြူကို ပေါင်းဆန်နှင့် ရောနှော၍ တရားမဝင်တင်ပို့မည်စိုးသဖြင့် ပို့ကုန်များကို အထူးကြပ်မတ် စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ယခုအခါ ၎င်းတို့အနေဖြင့် ပေါင်းဆန်အား ဆန်ဖြူအဖြစ် လိမ်လည်တင်ပို့ခြင်း မရှိစေရန် အထူးစစ်ဆေးကြပ်မတ်မှုများ ဆောင်ရွက်လျက်ရှိခြင်းဖြစ်သည်။ ကမ္ဘာ့ဈေးကွက်တွင် ဆန်ဖြူ ဈေးနှုန်း ၁ တန်လျင် ကန်ဒေါ်လာ ၄၉၁ မှ ၄၉၅ ရှိချိန်တွင် ပေါင်းဆန်၏ (FOB) ဈေးမှာ ကန် ဒေါ်လာ ၅၀၀ ရှိကြောင်း သိရသည်။  ကုန်စည်များတင်ပို့နိုင်ရန် အနည်းဆုံး အချိန် ၁၀ ရက်ခန့် နောက်ကျနေသည့်အတွက် အပိုဆောင်းကုန်ကျစရိတ် ၁ တန်လျင် ကန်ဒေါ်လာ ၇၀ မှ ၈၀ အထိ ကုန်ကျနေရကြောင်း ပို့ကုန် တင်ပို့သူများက ပြောကြားခဲ့သည်။ ထို့ကြောင့် အငယ်စားနှင့် အလတ်စား ပို့ကုန်တင်ပို့သူများအပေါ် အဓိကသက်ရောက်မှုရှိစေသည်ဟုဆိုသည်။

ဆန်နမူနာကို ဓါတ်ခွဲခန်းတွင် စမ်းသပ်၍ အဖြေမရမှီအချိန်အထိ ကုန်စည်များကို အဆိုပါ CFS ဂိုဒေါင်များ၌ ထိန်းသိမ်းထားရှိကြောင်း၊ ချနိုင်းလိုမြို့ကြီးဖြစ်ပါက ဓါတ်ခွဲစမ်းသပ်ချက် အဖြေကို အနည်းဆုံး အချိန်သုံးရက်အတွင်း ရရှိနိုင်ကြောင်း၊ အကယ်၍ Kakinada သို့မဟုတ် Vizag ဆိပ်ကမ်းများတွင် ဆိုပါက နောက်ထပ် ၂ ရက် ၃ ရက်ခန့် ပိုမိုကြာမြင့်နိုင်ကြောင်း ဆန်တင်ပို့သူများက ပြောကြားခဲ့သည်။ ၎င်းတို့၏ ကုန်စည်များကို CFS ဂိုဒေါင်များ၌ ထားရှိရန် ရူပီး ၇၀၀၀ ပေးဆောင်ရကြောင်း၊ အကယ်၍ သတ်မှတ်ကာလအတွင်း ဓါတ်ခွဲခန်း အဖြေမရရှိပါက အခကြေးငွေ ထပ်မံပေးဆောင်ရကြောင်း Kakinada မှ ဆန်ကုန်သည်တစ်ဦးက ပြောကြားခဲ့ သည်။

အမြဲတမ်းတင်ပို့နေကျ ကုန်သည်ကြီးများဖြစ်ပါက CFS ကုန်လှောင်ရုံစရိတ် ထပ်မံ စည်းကြပ်ခြင်း မပြုပါကြောင်း ၎င်းက ပြောကြားခဲ့သည်။ ဆန်ဖြူတင်ပို့ခွင့်ပြုလိုက်သည့်အခါ သင်္ဘောလိုင်းများအနေဖြင့်လည်း အစပထမက လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့ကြသော်လည်း ယခုကဲ့သို့ နှောင့်နှေးကြန့်ကြာမှုများ ရှိလာသည့်အတွက်ကြောင့် ကုန်ကျစရိတ်များရှိဖွယ်ရှိကြောင်း ချနိုင်း မြို့မှ ကုန်သည်တစ်ဦးက ပြောကြားခဲ့သည်။ “ဒီလိုမျိုး အပိုဆောင်းကုန်ကျစရိတ်တွေရှိလာတဲ့ အတွက် ပို့ကုန်တင်ပို့ဖို့ ခက်ခဲစေပါတယ်။ ပြီးတော့ သင်္ဘောပတ် မမှီလိုက်တာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။” ဟု ၎င်းက ပြောကြားခဲ့သည်။ အခြားကုန်သည်တစ်ဦးကလည်း ပို့ကုန်စစ်ဆေးရန် ခွင့်ပြုချက်ရရှိထားသူများသည် စမ်းသပ်စစ်ဆေးမှုများကို မည်သို့မည်ပုံဆောင် ရွက်ရမည်ကို ကောင်းစွာသိရှိနားလည်ပုံမရကြောင်း၊ ယင်းအတွက် မလိုအပ်ပဲ နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်လာသည်ဟု ပြောကြားခဲ့သည်။

အိန္ဒိယအစိုးရသည် ပြည်တွင်း၌ မိုးရေကောင်းစွာမရရှိခြင်းကြောင့် ဆန်ထုတ်လုပ်မှုလျှော့ကျလာမှုကို ကုစားရန် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှ စတင်၍ ပြည်ပသို့ဆန်ဖြူတင်ပို့မှုကို တားမြစ်ခဲ့ သည်။ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလက ဆန်ဖြူတင်ပို့မှုအပေါ် ပို့ကုန်ခွန် ၂၀ ရာခိုင်နှုန်း စည်းကြပ်ကောက်ခံခဲ့ပြီးနောက် ယင်းသို့ ပိတ်ပင်တားမြစ်ခဲ့ခြင်းဖြစ်သည်။ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လက အယ်နီညိုကြောင့် စပါးအဓိကစိုက်ပျိုးရာ ဒေသများ၌ မိုးရေရရှိမှုနည်းပါးသောကြောင့် ပေါင်းဆန်၊ ဆန်လုံးညိုနှင့် အခွံချွတ်ပြီးသား ဆန်တို့အပေါ် ပို့ကုန်ခွန် ၂၀ ရာခိုင်နှုန်း စည်းကြပ်ခဲ့သည်။

သို့ပါ၍ အိန္ဒိယနိုင်ငံတွင် မကြာသေးမီက ဆန်ပို့ကုန်မူဝါဒပြောင်းလဲပြီး၊ ဆန်ဖြူကို အကောက် ခွန်လွတ်ပြန်လည် တင်ပို့ခွင့်ပြုခဲ့သော်လည်း လက်တွေ့မြေပြင်တွင် ၁၀ ရာခိုင်နှုန်း အခွန်အား တိမ်းရှောင်လို၍ ပေါင်းဆန်အားဆန်ဖြူအဖြစ် လိမ်လည်တင်ပို့မှုများရှိလာမည်ကို စိုးရိမ်မကင်းဖြစ်လျက်ရှိကာ အကောက်ခွန်ဌာနမှ အထူးကြပ်မတ်စစ်ဆေးလျက်ရှိပါသည်။ ထို့ကြောင့် မလိုလားအပ်ပဲ အချိန်ကုန် ငွေကုန်ဖြစ်လာကြသည့်အတွက် ပို့ကုန်တင်ပို့သူများကို အခက်အခဲတွေ့စေလျက်ရှိကြောင်း သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။

 

ရည်ညွှန်း။          The Hindu Businessline: As Customs officials hold up shipments at ports, rice exports get delayed, October 9, 2024.

( စီးပွားရေးသံမှူး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကော်လ်ကတ္တားမြို့)

 

Category: International News