International News

၂၀၂၄-၂၅ ဘဏ္ဍာနှစ်၊ ပထမနှစ်ဝက်အတွင်း ပြည်ပမှ ပဲမျိုးစုံတင်သွင်းမှု တန်ဖိုး ၇၃ ရာခိုင်နှုန်းတိုးမြင့်လာခဲ့သည့် အိန္ဒိယနိုင်ငံ

Last Updated:

အိန္ဒိယနိုင်ငံတွင် ၂၀၂၄-၂၅ ဘဏ္ဍာနှစ်၊ ပထမနှစ်ဝက်အတွင်း ပြည်ပမှ ပဲမျိုးစုံတင်သွင်းမှု တန်ဖိုး ၇၃ ရာခိုင်နှုန်းတိုးတက်လာခဲ့ကြောင်း၊ ဧပြီလမှ စက်တင်ဘာလအထိ ပဲမျိုးစုံ တင်သွင်းမှု ကန်ဒေါ်လာ ၂ ဒသမ ၁၈၇ ဘီလီယံရှိပြီး၊ လွန်ခဲ့သောနှစ်ကာလတူက ကန်ဒေါ်လာ ၁ ဒသမ ၂၆၅ ဘီလီယံရှိခဲ့သည့်အတွက် တင်သွင်းမှု တိုးတက်လာခဲ့ကြောင်း အိန္ဒိယ စီးပွားကူးသန်းဝန်ကြီး ဌာနမှ ထုတ်ပြန်သော ခန့်မှန်းချက်အရ သိရသည်။

စက်တင်ဘာလတွင် ပဲမျိုးစုံတင်သွင်းမှု ကန်ဒေါ်လာ ၄၂၅ ဒသမ ၇၈ သန်းရှိကာ လွန်ခဲ့သောနှစ် ကာလတူက ကန်ဒေါ်လာ ၃၁၅ ဒသမ ၈၉ သန်း တင်သွင်းခဲ့သည့်အတွက် ၃၄ ဒသမ ၇၉ ရာခိုင်နှုန်း တိုးတက်လာကြောင်း သိရသည်။ တင်သွင်းသော ပမာဏနှင့် အမျိုးအစား အသေး စိတ်ကိုမူ ထုတ်ပြန်ထားခြင်းမရှိသေးဟုဆိုသည်။

မတ်ပဲ၊ ပဲစင်းငုံနှင့် ကုလားပဲစသည့် ပဲအမျိုးအစားများ တင်သွင်းမှုမြင့်တက်ကာ ပြည်တွင်းထုတ်လုပ်မှုတိုးတက်လာသည့် ပဲနီလေး တင်သွင်းမှု လျှော့ကျခဲ့ကာ၊ မကြာသေးမီ လအနည်း ငယ်အတွင်း စားတော်ပဲတင်သွင်းမှုလည်း အလားတူ လျှော့ကျခဲ့ကြောင်း ကုန်သွယ်ရေး အသိုင်းအဝိုင်းက ယူဆကြသည်။ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် အိန္ဒိယနိုင်ငံမှ ပဲမျိုးစုံတင်သွင်းမှု နှစ်ဆတိုးမြင့်ခဲ့ကာ ကန်ဒေါ်လာ ၃ ဒသမ ၇၄ ဘီလီယံဖိုး တင်သွင်းခဲ့ကြောင်း သိရသည်။

ပဲစင်းငုံမှာ ထုတ်လုပ်မှုကျဆင်းကာ ဝယ်လိုအားမြင့်တက်လျက်ရှိသောကြောင့် ဈေးကွက် တွင် ပြတ်လပ်မှုရှိခဲ့ကြောင်း iGrain India မှ Rahul Chauhan က ပြောကြားခဲ့သည်။ ပြည်တွင်း ဈေး ကွက်လိုအပ်ချက်ကို ဖြည့်စည်းနိုင်ရန် ပြည်ပမှ တင်သွင်းမှု တိုးမြှင့်ခဲ့ပြီး၊ ဧပြီလမှ စက်တင်ဘာလအတွင်း ပဲစင်းငုံတင်သွင်းမှု တန်ချိန် ၆ ဒသမ ၀၉ သိန်းခန့်ရှိမည်ဟုခန့်မှန်း ကြောင်း၊ ယခင်နှစ်က တန်ချိန် ၂ ဒသမ ၇၄ သိန်းနှင့် နှိုင်းယှဉ်လျှင် တိုးတက်လာကြောင်း Chauhan က ပြောကြားခဲ့သည်။ ပဲစင်းငုံကို မြန်မာနိုင်ငံနှင့် မိုဇန်ဘစ်၊ တန်ဇန်နီးယားစသည့် အရှေ့အာဖရိက တိုင်းပြည်များမှ အဓိ ကတင်သွင်းကြောင်း သိရသည်။

“မတ်ပဲကို မြန်မာနိုင်ငံကနေ အဆက်မပြတ်တင်သွင်းနေပါတယ်။ ဧပြီလမှ စက်တင် ဘာလအထိ မတ်ပဲတင်သွင်းမှု တန်ချိန် ၄ ဒသမ ၀၈ သိန်းရှိကာ လွန်ခဲ့သောနှစ်က ၂ ဒသမ ၄ သိန်းရှိသည့်အတွက် တိုးမြင့်လာခဲ့ပါတယ်။ လက်ရှိခါရစ်ရာသီမှာ မတ်ပဲစိုက်ဧကဟာ ယခင်နှစ်က ထက်နည်းပါတယ်။ သို့သော် မိုးကောင်းစွာရတဲ့အတွက် ထွက်ရှိမှုများမယ်လို့ခန့်မှန်းရပါတယ်။ လိုအပ်တာကို ပြည်ပကနေဝယ်ယူဖြည့်တင်းလျက်ရှိပါတယ်။” ဟု ၎င်းက ပြောကြားခဲ့သည်။

ဧပြီလမှ စက်တင်ဘာလအထိ ကုလားပဲ (desi chikpeas or gram) တင်သွင်းမှု ၁ ဒသမ ၀၃ သိန်းခန့်ရှိကာ ယခင်နှစ်ကာလတူက ၁၁၁၄၃ တန်တင်သွင်းခဲ့သည့်အတွက် မြင့်တက်လာခဲ့ သည်။

အဆိုပါကာလအတွင်း ပဲနီလေးတင်သွင်းမှု တန်ချိန် ၃ ဒသမ ၈၅ သိန်းရှိကာ ယခင်နှစ်က တန်ချိန် ၈ ဒသမ ၀၂ သိန်းတင်သွင်းခဲ့၍ ကျဆင်းခဲ့ကြောင်း၊ စားတော်ပဲတင်သွင်းမှုလည်း နှေးကွေးခဲ့ကာ တန်ချိန် ၁၀ ဒသမ ၂၃ သိန်းခန့်သာရှိမည်ဟု ခန့်မှန်းကြောင်း၊ အစိုးရက စားတော်ပဲတင်သွင်းမှုကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ခွင့်ပြုထားကြောင်း Chauhan က ပြောကြားခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ စားတော်ပဲတင်သွင်းမှု တန်ချိန် ၃ ဒသမ ၃ သန်းမှ ၃ ဒသမ ၅ သန်းအတွင်းရှိနိုင်ကြောင်း၊ ဩဂုတ်လ ၃၁ ရက်နေ့အထိ တင်သွင်းမှု တန်ချိန် ၂ ဒသမ ၂ သန်းရှိမည်ဟုယူဆကြောင်း၊ စက်တင်ဘာလမှ အောက်တိုဘာလအထိ နောက်ထပ် ၇ တန်တင် သွင်းဖို့ စာချုပ်ချုပ်ဆိုထားပြီးဖြစ်ကြောင်း သိရသည်။

အောက်တိုဘာလကုန်အထိ စားတော်ပဲတင်သွင်းမှု တန်ချိန် ၃ သန်းရှိနိုင်ကြောင်း အိန္ဒိယ ကောက်ပဲသီးနှံအသင်း ဥက္ကဋ္ဌ Bimal Kothari က Businessline သတင်းဌာနသို့ ပြောကြားခဲ့ သည်။ နိုဝင်ဘာလမှ ဒီဇင်ဘာလအတွင်း နောက်ထပ် စားတော်ပဲ တန်ချိန် ၃ သိန်းမှ ၄ သိန်း ပြည်ပမှ ထပ်မံ ဝင်ရောက်လာဖို့ရှိသည်ဟု ၎င်းက ပြောကြားခဲ့သည်။

သို့ပါ၍ အိန္ဒိယနိုင်ငံမှ ပဲမျိုးစုံတင်သွင်းမှု ပိုမိုတိုးမြင့်လာလျက်ရှိသည့်အတွက် မြန်မာနိုင်ငံမှ ပဲမျိုးစုံတင်ပို့ရောင်းချသူများအနေဖြင့် ဈေးကွက်အခွင့်အလမ်းများ ရရှိနိုင်ကြောင်း သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။

 

(စီပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News