International News

ဆန်အမျိုးအမည် လိမ်လည် တင်ပို့ရန်ကြိုးပမ်းခဲ့သည့် ကုမ္ပဏီ ၂ ခုအား အိန္ဒိယအကောက်ခွန်ဌာနမှ ထိရောက်စွာ အရေးယူ

Last Updated:

ဘာစမာတီမဟုတ်သောဆန်ဖြူကို ဘာစမာတီမဟုတ်သောဩဂဲနစ်ဆန်ဖြူအဖြစ် လိမ်လည်တင်ပို့ရန်ကြိုးပမ်းခဲ့သည့် ကုမ္ပဏီ ၂ ခုအား အိန္ဒိယအကောက်ခွန်ဌာနမှ ထိရောက်စွာအရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကုမ္ပဏီ ၂ ခု၏ အမည်မှာ Reliteaur Foods Private နှင့် Elite Agro Specialities ကုမ္ပဏီတို့ဖြစ်ကာ ၎င်းတို့သည် ဘာစမာတီမဟုတ်သောဆန်ဖြူကို ဘာစမာတီမဟုတ်သော ဩဂဲနစ်ဆန်ဖြူအဖြစ် လိမ်လည်တင်ပို့ရန်ကြိုးပမ်းခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။ ယင်းသို့ ကုန်အမျိုးအမည်လိမ်လည်၍ ထုတ်ဖေါ်ကြေညာခဲ့သည့်အတွက် ၎င်းတို့ အနေဖြင့် ဒဏ်ငွေ ရူပီး ၇၅ သိန်းစီပေးဆောင်ကြရမည်ဖြစ်ကာ ၎င်းတို့၏ ဆန် ၂၅၅၀၀ တန်နှင့် ၁၆၇၀၀ တန်တို့အား သိမ်းဆည်းခံရခြင်းမရှိရန် နောက်ထပ် ဒဏ်ငွေ ရူပီး ၉၅ သိန်းနှင့် ၆၅ သိန်း အသီးသီး ထပ်မံပေးဆောင်ကြမည်ဟု သိရသည်။

အိန္ဒိယအကောက်ခွန်ဌာနအနေဖြင့် သက်ဆိုင်ရာကုမ္ပဏီများကို ယင်းသို့ ဒဏ်ငွေများပေးဆောင်စေရန် အရေးယူထားသည့်တိုင် ထပ်မံ၍ တင်းတင်းကြပ်ကြပ်အရေးယူသင့်သည်ဟု ဆန်လောကကျွမ်းကျင်သူများက ထောက်ပြပြောဆိုကြသည်။ ကုန်သည်များအနေဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသောဆန်များအတွက် သိုလှောင်စရိတ်နှင့် အခြားစရိတ်များ ထပ်မံကုန်ကျလာဖွယ်ရှိသည့်အတွက် အာဏာပိုင်များအနေဖြင့် အထက်ပါဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ် ပြင်ဆင်သွားဖွယ်ရှိကြောင်း လည်း သိရသည်။

အိန္ဒိယစိုက်ပျိုးရေးနှင့် ပြုပြင်ပြီးစားသောက်ကုန်များ ပို့ကုန်ဖွံ့ဖြိုးရေးအာဏာပိုင်အဖွဲ့ (Agricultural and Processed Food Products Export Development Authority - APEDA) မှ ၎င်းကုမ္ပဏီများကို ယာယီလုပ်ငန်းဆောင်ရွက်ခွင့်လက်မှတ်များ အလျင်ဦးစွာထုတ်ပေးခဲ့ပြီးနောက်မှ ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း၊ ထို့ကြောင့် အဆိုပါအဖွဲ့အစည်း၏ ပေါ့လျှော့မှုနှင့် အတည်ပြုစစ်ဆေးမှု လုပ်ငန်းစဉ်အပေါ် မေးခွန်းထုတ်ဖွယ်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ လိမ်လည်တင်ပို့သည့် အလေ့အကျင့်များနှင့် မသမာမှုများအပေါ် အထူးပင် စိုးရိမ်မကင်းဖြစ်ရကြောင်း ကုန်သည်အသိုင်းအဝိုင်းမှ ကျွမ်းကျင်သူများက ဖော်ထုတ်ပြောကြားခဲ့သည်။ အဆိုပါ မလျှော်ကန်သောလုပ်ဆောင်ချက်များကြောင့် အိန္ဒိယဩဂဲနစ်ဆန်၏ နာမည်ဂုဏ်သတင်းကိုထိခိုက်စေယုံသာမက မှန်မှန်ကန်ကန်ဆောင်ရွက်လျက်ရှိသည့် အခြားကုမ္ပဏီများအပေါ်လည်း ထိခိုက်နစ်နာမှုများရှိစေသည်ဟု ပြောကြားခဲ့သည်။ အာဏာပိုင်အဖွဲ့အစည်းများအနေဖြင့် ယင်းသို့ ဥပဒေနှင့်မညီသော ပြုမူဆောင်ရွက်မှုများအပေါ် ထိရောက်စွာကာကွယ်တားဆီးနိုင်ခြင်းရှိမရှိကို မေးခွန်းထုတ်ဖွယ်ဖြစ်နေသည်ဟု ပြောကြားခဲ့သည်။

လက်ရှိတွင် အဆိုပါကိစ္စအပေါ် သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်လျက်ရှိကာ ပါဝင်ပတ်သက်သူများအပေါ် နောက်ထပ် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ဖွယ်ရှိမရှိကိုမူ ဆက်လက် စောင့်ကြည့်ရမည်ဖြစ်ကြောင်းနှင့် အလားတူဖြစ်ရပ်များ ထပ်မံဖြစ်ပွားမှုမရှိစေရန် ပိုမိုတင်းကြပ်သော စီမံဆောင်ရွက်မှုများ ပြုလုပ်သွားဖွယ်ရှိကြောင်း သိရသည်။

သို့ပါ၍ အိန္ဒိယနိုင်ငံတွင် ၂၀၂၃ ခုနှစ် ဇူလိုင်လမှ ၂၀၂၄ ခုနှစ် စက်တင်ဘာလအထိ ပြည်ပသို့ တင်ပို့ခွင့် ပိတ်ပင်ထားခဲ့သော ဘာစမာတီမဟုတ်သောဆန်ဖြူကို မကြာသေးမီက လွတ်လပ်စွာ ပြန်လည်တင်ပို့ ခွင့်ပြုခဲ့ပြီးနောက် ယခုကဲ့သို့ မသမာမှုများ ပေါ်ပေါက်လာခြင်းဖြစ်ပါသည်။ သက်ဆိုင်ရာမှ အလားတူဖြစ်ရပ်များ ထပ်မံဖြစ်ပွားမှုမရှိစေရန် ပိုမိုတင်းကြပ်သော စီမံဆောင်ရွက်မှုများ ပြုလုပ်သွားဖွယ်ရှိကြောင်း သုံးသပ်ရရှိပါသည်။

Ref:    The Hindu Businessline, Customs imposes penalties on 2 firms for irregularities in organic rice exports, November 18, 2024

စီးပွားရေးသံမှူး၊ကော်လ်ကတ္တားမြို့

Category: International News