၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း ဗီယက်နမ်နိုင်ငံနှင့် တရုတ်နှစ် နိုင်ငံကြား ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၁၆၈.၅ ဘီလီယံအထိ ရောက်ရှိခဲ့ ကြောင်း ဗီယက်နမ်နိုင်ငံ အထွေထွေစာရင်းအင်းရုံး (GSO) ၏ နောက်ဆုံးအစီရင်ခံစာအရ သိရှိရပါသည်။
တရုတ်နိုင်ငံသို့ ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၁၇.၇ ဘီလီယံရှိပြီး တစ်နှစ်ထက် တစ်နှစ် ၃၁.၆ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်း၊ တရုတ်နိုင်ငံမှ ဗီယက်နမ်နိုင်ငံသို့ သွင်းကုန် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅၀.၈ ဘီလီယံရှိပြီး တစ်နှစ်ထက်တစ်နှစ် ၂.၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း တွေ့ရှိရပါသည်။ တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ ၆၆.၉ ဘီလီယံရှိကြောင်း ဖော်ပြထားပါသည်။
၂၀၀၄ ခုနှစ်မှစ၍ တရုတ်နိုင်ငံသည် ဗီယက်နမ်၏ အကြီးဆုံးကုန်သွယ်ဖက်ဖြစ်ခဲ့ကြောင်း၊ ပြီးခဲ့သည့် ၁၀ နှစ်အတွင်း နှစ်နိုင်ငံကုန်သွယ်မှု တိုးတက်မှုသည် ဂဏန်းနှစ်လုံး (Double digit) ရှိခဲ့ကြောင်း၊ လက်ရှိတွင် တရုတ်နိုင်ငံသည် ဗီယက်နမ်၏ ဒုတိယအကြီးဆုံး ပို့ကုန်ဈေးကွက်နှင့် အကြီးဆုံး သွင်းကုန်ဈေးကွက်ဖြစ်ကြောင်း သိရှိရပါသည်။ ဗီယက်နမ်နိုင်ငံနှင့် တရုတ်နိုင်ငံကြား ကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်မှုသည် အားသာချက်များစွာရှိပြီး ကုန်သွယ်မှု ဖလှယ်မှု သည် တည်ငြိမ်ပြီး ရေရှည်တည်တံ့သော တိုးတက်မှုကို ထိန်းသိမ်းထားနိုင်ကြောင်း သိရှိ ရပါသည်။
တရုတ်နိုင်ငံသို့ အဓိကတင်ပို့သည့် ကုန်ပစ္စည်းများမှာ မိုဘိုင်းလ်ဖုန်းများနှင့် အစိတ် အပိုင်းများ၊ လျှပ်စစ်ပစ္စည်းများ၊ ရော်ဘာ၊ စိုက်ပျိုးရေးထွက်ကုန်များနှင့် ပင်လယ်စာများ ဖြစ်ပြီး တရုတ်ဈေးကွက်မှ အဓိက တင်သွင်းသည့်ပစ္စည်းများမှာ စက်ယန္တရား၊ ကိရိယာ တန်ဆာ ပလာများ၊ အထည်ချုပ်လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းများ၊ သားရေ၊ ဖိနပ်၊ သံ၊သံမဏိနှင့် ဆောက်လုပ်ရေးပစ္စည်းများ ပါဝင်ကြောင်း ဖော်ပြထားပါသည်။
ပို့ကုန်ကဏ္ဍတွင် လယ်ယာထွက်ကုန်များသည် ဗီယက်နမ်နိုင်ငံမှ တရုတ်နိုင်ငံသို့ အဓိက တင်ပို့နေသည့် ပစ္စည်းများဖြစ်သည်။ အထူးသဖြင့် ဗီယက်နမ်၏ ဒူးရင်းသည် စျေးကွက်အတွင်း အလွန်ရေပန်းစားသော ထုတ်ကုန်တစ်ခုဖြစ်သည်။ ထို့ပြင် တရုတ်စားသုံးသူများသည် ဗီယက်နမ် နိုင်ငံမှ ကြက်မောက်သီး၊ လိုင်ချိစ်သီး၊ သရက်သီးနှင့် အုန်းသီးလတ်လတ်ဆတ်ဆတ်များကို ကြိုက်နှစ်သက်ကြသည်။
မကြာသေးမီက တရုတ်နိုင်ငံသည် ဗီယက်နမ်အုန်းသီး ဈေးကွက်ကို ဖွင့်လှစ်ပေးခဲ့သည်။ ဗီယက်နမ်သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်အသင်း၏ အကဲဖြတ်ချက်အရ စျေးကွက်၏ ၀ယ်လိုအားသည် အလွန်မြင့်မားလျက်ရှိပြီး တစ်နှစ်ထက်တစ်နှစ် တိုးမြင့်လာကြောင်း ဖော်ပြ ထားပါသည်။
ဗီယက်နမ်နိုင်ငံ အကောက်ခွန်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ်တွင် ဗီယက်နမ်-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၁၇၁.၂ ဘီလီယံအထိ ရှိခဲ့ကြောင်း သိရှိရပါသည်။ ၎င်းတို့အနက် တရုတ်နိုင်ငံသို့ ဗီယက်နမ်၏ ပို့ကုန်ပမာဏသည် အမေရိကန် ဒေါ်လာ ၆၁.၂ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၆.၄% တိုးမြင့် လာခဲ့သည်။ တရုတ်နိုင်ငံ မှ ကုန်ပစ္စည်း တင်သွင်းမှုသည် အမေရိကန်ဒေါ်လာ ၁၁၀.၆၄ ဘီလီယံ အထိ ရှိခဲ့ကြောင်း ဖော်ပြထားပါသည်။ ၂၀၂၄ ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၂၀၀ ဘီလီယံအထိ ရောက်ရှိရန် မျှော်မှန်းထားကြောင်း ဖော်ပြထားပါသည်။
Source: https://en.dangcongsan.vn
(စီးပွားရေးသံမှူး၊မြန်မာသံရုံး၊ဟနွိုင်းမြို့)