International News

အင်ဒိုနီးရှားနိုင်ငံသည် ဗီယက်နမ်နိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသဖြစ်သည့် Can Tho နှင့် ဆန်ထုတ်လုပ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်လို

Last Updated:

အင်ဒိုနီးရှားနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင် ဆန်စပါးထောက်ပံ့မှု မြှင့်တင်ရန်နှင့် နည်းပညာပိုင်းပူးပေါင်းဆောင်ရွက်ရန်အတွက် စိုက်ပျိုးရေးကဏ္ဍတွင် မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသ ဖြစ်သည့် Cần Thơ နှင့် ပူးပေါင်းဆောင်ရွက်ရန် မျှော်လင့်ထားကြောင်း အင်ဒိုနီးရှား စိုက်ပျိုး ရေးဝန်ကြီး Andi Amran Sulaiman က စည်ပင်သာယာရေးကော်မတီ ကော်မတီ အတွင်းရေးမှူး Nguyễn Văn Hiếu နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

Cần Thơ ဒေသသည် ဆန်တင်ပို့ခြင်း အပါအဝင် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတွင် အားသာချက်များရှိကြောင်း၊ ကုန်သိုမြို့အနေဖြင့် ကာဗွန်ထုတ်လွှတ်မှုနည်းပြီး အရည်အသွေးမြင့် ဆန်ဟက်တာ ၁ သန်း ဖွံ့ဖြိုးတိုးတက်စေရန် ရည်မှန်းထားသည့် စီမံကိန်းတွင် ပါဝင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဗီယက်နမ်နှင့် အင်ဒိုနီးရှားတို့သည် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်ရန်အတွက် နယ်ပယ်များစွာရှိပြီး အထူးသဖြင့် စိုက်ပျိုးရေးသုတေသနနှင့် စားနပ်ရိက္ခာထောက်ပံ့ရေးတို့ ပါဝင် ကြောင်း ဖော်ပြထားသည်။

စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူးမှ မြို့တော်၏ အားသာချက်ဖြစ်သည့် ဆန်၊ သစ်သီးနှင့် ရေထွက်ကုန်ထုတ်လုပ်ရေး ကဲ့သို့သော သုတေသနလုပ်ငန်းများရှိကြောင်း၊ Cần Thơ ဒေသသည် အင်ဒိုနီးရှားအပါအဝင် ၎င်းတို့၏ စိုက်ပျိုးရေးထွက်ကုန်များကို ဟာလာလ် ဈေးကွက်များသို့ တိုးချဲ့တင်ပို့ရန် ဒေသတွင်းစီးပွားရေးလုပ်ငန်းများကို အားပေးတိုက်တွန်းလျက်ရှိကြောင်း၊ ဆန်ထွက်ကုန်များအပြင် သစ်သီးဝလံနှင့် ပင်လယ်စာကဲ့သို့သော အခြားလယ်ယာထွက်ကုန်များကိုလည်း အင်ဒိုနီးရှားသို့ တင်ပို့ရန် မျှော်လင့်ထားကြောင်းဖြင့် ၎င်းက ပြောကြားခဲ့သည်။

Cần Thơ ဒေသရှိ နိုင်ငံခြားရေးရာဌာန၏အဆိုအရ ၂၀၂၄ ခုနှစ် ပထမသုံးလပတ်တွင် Cần Thơ သည် အင်ဒိုနီးရှားသို့ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၆.၁၉ သန်း ရရှိခဲ့ကြောင်း၊ အဓိက ပို့ကုန်များမှာ ဆန်၊ လယ်ယာထွက်ကုန်နှင့် ပြုပြင်ထားသော လယ်ယာထွက်ကုန်များဖြစ် ကြောင်း၊ လက်ရှိတွင် အင်ဒိုနီးရှားနိုင်ငံမှ Cần Thơ ဒေသတွင် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၀ သန်း ကျော်ဖြင့် မှတ်ပုံတင်ထားသည့် စီမံကိန်းတစ်ခုကို ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

 

 

Source: Viet Nam News

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News