International News

အမေရိကန်အစိုးရ၏ မီချီဂန်ရေကြောင်းသွားလာရေးဆိုင်ရာ ကုန်ထုတ်လုပ်မှု အစီအစဉ်ထုတ်ပြန်ခဲ့

Last Updated:

အမေရိကန်အစိုးရ၏ Michigan Maritime Manufacturing, M3 Initiative ခေါ် မီချီဂန် ရေကြောင်းသွားလာရေးဆိုင်ရာ ကုန်ထုတ်လုပ်မှုအစီအစဉ်ကို  ၂၂-၇-၂၀၂၄ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ ၎င်း M3 အစီအစဉ်သည် မီချီဂန်ပြည်နယ်ရှိ ရေကြောင်းသွားလာရေးဆိုင်ရာ ကုန် ထုတ်လုပ်မှု လုပ်ငန်းများမှ လုပ်သားများအတွက် သင်တန်းပို့ချပေးမည့် အစီအစဉ်တစ်ခုဖြစ် ကြောင်း၊ အမေရိကန်နိုင်ငံ၏ အဏုမြူစွမ်းအင်သုံး ရေငုပ်သင်္ဘောတပ်နှင့် စက်မှုလုပ်ငန်း မိတ်ဖက်များအနေဖြင့် မီချီဂန်ပြည်နယ်မှ ရေကြောင်းသွားလာရေးဆိုင်ရာ ကုန်ထုတ်လုပ်မှုလုပ်ငန်းများရှိ အလုပ်သမားများအား နိုင်ငံ၏ အမျိုးသားလုံခြုံရေးအတွက် အခြေခံကျသော စွမ်းဆောင်ရည်များရရှိရန် ကူညီပံ့ပိုးပေးသွားမည့် အစီအစဉ်ဖြစ်ကြောင်း သိရှိရပါသည်။ အမေရိကန်နိုင်ငံ၏ ရေငုပ်သင်္ဘော စက်မှုလုပ်ငန်း၌ လုပ်သားများ သိသိသာသာနည်းပါးလျက်ရှိကြောင်း၊ ထို့ကြောင့် သမ္မတဂျိုးဘိုင်ဒင် အစိုးရအနေဖြင့် နိုင်ငံ၏စီးပွားရေးနှင့် ကာကွယ်ရေးမူဝါဒအောက်တွင် အမေရိကန်ရေတပ်၏ ရေငုပ်သင်္ဘောထုတ်လုပ်မှု (၅) ဆ တိုးလာရန်အတွက် မီချီဂန်ပြည်နယ်၌ မဟာဗျူဟာကျသည့် ရင်းနှီးမြှုပ်နှံမှုကို ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ယင်းရင်းနှီး မြှုပ်နှံမှုသည် အမေရိကန်နိုင်ငံ၏ အမျိုးသားလုံခြုံရေးကို ကာကွယ်ရန်အတွက် အရေးပါပြီး ဩစတြေးလျ-ဗြိတိန်-အမေရိကန်ပူးပေါင်းဆောင်ရွက်မှု (Australia-United Kingdom-United States, AUKUS Partnership) ၏ ကတိကဝတ်တစ်ခုဖြစ်သည့် အမေရိကန်ရေငုပ်သင်္ဘော ထုတ်လုပ်မှုကဏ္ဍသည် ကမ္ဘာ့ရေငုပ်သင်္ဘော ထုတ်လုပ်မှုကဏ္ဍ၌ ဦးဆောင်နိုင်ငံဖြစ်လာရန်ဟူသည့် အချက်ကိုလည်း ပံ့ပိုးပေးရာရောက်ကြောင်း၊ အမေရိကန်နိုင်ငံ၊ မီချီဂန်ပြည်နယ်သည် ၂၀ ရာစုအစပိုင်းမှ စတင်၍ ရေငုပ်သင်္ဘောထုတ်လုပ်ခဲ့သည့် ပြည်နယ်တစ်ခုဖြစ်ကြောင်း၊ နိုင်ငံ၏ သယ်ယူပို့ဆောင်ရေးကဏ္ဍနှင့် မော်တော်ယာဉ်ကဏ္ဍ ပြုပြင်ပြောင်းလဲမှုများကို ဦးဆောင်ခဲ့သည့် မီချီဂန်ပြည်နယ်မှ လုပ်သားများ၊ အလုပ်သမားသမဂ္ဂများနှင့် ကုမ္ပဏီများသည် ယခုရေငုပ်သင်္ဘောတပ်စုကို တည်ဆောက်သည့် ကဏ္ဍတွင်လည်း ကောင်းစွာဆောင်ရွက်နိုင်မည့်အရင်းအမြစ်များဖြစ်ကြောင်း ဖော်ပြထားပါသည်။ 

အမေရိကန်အစိုးရ၏ အဆိုပါ M3 အစီအစဉ်သည် ကာကွယ်ရေးဝန်ကြီးဌာနနှင့် မီချီဂန် ပြည်နယ်၊ ပြည်နယ်နှင့် ဒေသန္တရအစိုးရများ၊ ကာကွယ်ရေးဆိုင်ရာပုဂ္ဂလိက စက်မှုလုပ်ငန်းများနှင့် ပညာရှင်အဖွဲ့အစည်းများကို ချိတ်ဆက်ပေးသွားမည်ဖြစ်ပြီး ကနဦးရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ သန်း (၅၀) ကို  မီချီဂန်ပြည်နယ်အခြေစိုက် အခြေခံအဆောက်အအုံများ၊ အစီအစဉ်များနှင့် အဆင့်မြင့် ကုန်ထုတ်လုပ်မှု နည်းပညာများတွင် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ် ကြောင်း သိရှိရပါသည်။

 

 

Source: https://www.whitehouse.gov/briefing-room/statements-releases/2024/07/ 22/biden-harris-administration-announces-the-michigan-maritime-manufacturing-m3-initiative/

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: International News