International News

၂၀၂၄ ခုနှစ်၊ Made in America သီတင်းပတ် သတ်မှတ်ကြောင်း ကြေညာချက်

Last Updated:

အမေရိကန်စီးပွားရေး၏ အဓိကပင်မကျောရိုးဖြစ်သည့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများနှင့် အမေရိကန် အလုပ်သမားများကို ပံ့ပိုးရန်နှင့် ‘အမေရိကန်နိုင်ငံတွင် ထုတ်လုပ်သည် (Made in America)’ ကုန်ပစ္စည်းများကို အသိအမှတ်ပြုရန်အတွက် ၂၁-၇-၂၀၂၄ ရက်မှ ၂၇-၇-၂၀၂၄ ရက်အထိ သီတင်းပတ်အား ‘Made in America’ Week အဖြစ် သမ္မတဂျိုးဘိုင်ဒင်အစိုးရက သတ်မှတ်ကြောင်း ၁၉-၇-၂၀၂၄ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ရာစုနှစ်အတွင်း တစ်ကြိမ်သာ ကြုံတွေ့ခဲ့ရသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါကာလနောက်ပိုင်း အမေရိကန်နိုင်ငံသားများအတွက် အလုပ်အကိုင်သစ်များ၊ လုပ်ငန်းများနှင့် ၎င်းတို့၏ လူမှုအသိုက်အဝန်းအတွက် မျှော်လင့်ချက်များ ယူဆောင်လာခဲ့ကြောင်း၊ ၂၁-၇-၂၀၂၄ ရက်မှ ၂၇-၇-၂၀၂၄ ရက်အထိ သီတင်းပတ်သည် အမေရိကန်စီးပွားရေး၏ ပင်မကျောရိုးဖြစ်ပြီး ‘အမေရိကန်နိုင်ငံတွင် ထုတ်လုပ်သည် (Made in America)’ ကုန်ပစ္စည်းများကို ထုတ်လုပ်သူများဖြစ်သော အမေရိကန် အလုပ်သမားများ၊ အလုပ်သမားသမဂ္ဂများနှင့် ကုမ္ပဏီများ၊ ရင်းနှီးမြှုပ်နှံသူများနှင့် တီထွင်သူများအတွက် ကျင်းပသည့် သီတင်းပတ်ဖြစ်ကြောင်း၊ ၎င်း ‘အမေရိကန်နိုင်ငံတွင် ထုတ်လုပ်သည့် (Made in America)’ ဟူသော စကားရပ်သည် ကြွေးကြော်ချက်သက်သက်သာ မဟုတ်ဘဲ ၂၁ ရာစု ကမ္ဘာ့စီးပွားရေးတွင် အခြားနိုင်ငံများနှင့် ယှဉ်ပြိုင်ရာ၌ အနိုင်ရရှိစေရန် နိုင်ငံအတွင်း ပြုပြင်ပြောင်းလဲမှုများကို ဖော်ဆောင်ပေးခဲ့သည့် စကားရပ်ဖြစ်ပါကြောင်း၊ ကုန်ထုတ်လုပ်မှုသည် ပြည်တွင်း၌ လစာကောင်းသည့် အလုပ်အကိုင်များကို ဖန်တီးပေးနိုင်သည်သာမကဘဲ လူလတ်တန်းစားများ ဖွံ့ဖြိုးတိုးတက်ရန် လမ်းကြောင်းတစ်ခုလည်းဖြစ်ကြောင်း၊ သို့ရာတွင် ယခင်နှစ်များအတွင်း အမေရိကန်စက်မှုလုပ်ငန်းများ ပိတ်သိမ်းကာ နိုင်ငံရပ်ခြားသို့ သွားရောက်လုပ်ကိုင်ခဲ့ကြသဖြင့် အမေရိကန်လုပ်သားထုသည် အလုပ်လက်မဲ့ ဖြစ်ခဲ့ရကြောင်း၊ အမေရိကန်နိုင်ငံတစ်ဝှမ်းရှိ မိသားစုများသည် အလုပ်ကိုင်ရရှိရန် အတွက်သာမက ၎င်းတို့၏ ဂုဏ်သိက္ခာ၊ မျှော်လင့်ချက်နှင့် ဂုဏ်ဒြပ်အတွက်ပါ အပြင်းအထန်ကြိုးစားခဲ့ ကြရကြောင်း၊ ထို့ကြောင့် သမ္မတဂျိုးဘိုင်ဒင်အစိုးရအနေဖြင့် ယင်းအချက်ကို ပြောင်းလဲရန်အတွက် အမေရိကန်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံခြင်းနှင့် အခြေခံလူတန်းစားများနှင့် အလယ်အလတ်လူတန်းစားများ ဖွံ့ဖြိုးတိုးတက်ရန် ဦးတည်သည့် စီးပွားရေးကို အမေရိကန်နိုင်ငံသားများအတွက် တဖန်ပြန်လည် တည်ဆောက်ပေးခဲ့ကြောင်း၊ ထို့ကြောင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင် အလုပ်အကိုင်ပေါင်း (၈၀၀,၀၀၀) အပါအဝင် အလုပ်အကိုင်စုစုပေါင်း (၁၅) သန်းကျော် ဖန်တီးပေးနိုင်ခဲ့ကြောင်း၊ ထို့အပြင် ကုမ္ပဏီများအနေဖြင့် အမေရိကန်ကုန်ထုတ်လုပ်မှုကဏ္ဍတွင် အမေရိကန်ဒေါ်လာ ဘီလီယံ (၇၀၀) ကျော် ရင်းနှီးမြှုပ်နှံလာခဲ့ကြကြောင်း၊ ထို့အပြင် သမ္မတဂျိုးဘိုင်ဒင်အစိုးရအနေဖြင့် ဖက်ဒရယ်အစိုးရ ၏ စီမံကိန်းများကို အမေရိကန်ထုတ်ကုန်ပစ္စည်းများနှင့် အမေရိကန်အလုပ်သမားများဖြင့် ဆောင်ရွက်ခဲ့ကာ သမ္မတအမိန့်တစ်ရပ်အဖြစ် ‘အမေရိကန်နိုင်ငံတွင်တီထွင်ပါ၊ အမေရိကန်နိုင်ငံတွင်သာ ပြုလုပ်ပါ, Invent It Here, Make It Here’ ကို ထုတ်ပြန်ခဲ့ပါကြောင်း၊ ထို့အပြင် အခြေခံ အဆောက်အအုံဥပဒေ (Infrastructure Law)ကို ပြဋ္ဌာန်းကာ နိုင်ငံအနှံ့ လမ်း၊ တံတား၊ လေဆိပ်၊ ဆိပ်ကမ်း၊ ရထားလမ်း ကွန်ယက်၊ ရေဖြန့်ဝေရေးစနစ်စသည့်  အခြေခံအဆောက် အအုံ စီမံကိန်းအသစ် (၆၀,၀၀၀) ကျော် တည်ဆောက်ခဲ့ကြောင်း၊ ငွေကြေးဖောင်းပွမှု လျှော့ချရေးအက်ဥပဒေ (Inflation Reduction Act) ပြဋ္ဌာန်းလျက် အမေရိကန်နိုင်ငံ၌ သန့်စင်သောစွမ်းအင်ကို အသုံးပြုနိုင်ရေး ဆောင်ရွက်ခဲ့ပါကြောင်း၊ သမ္မတဂျိုးဘိုင်ဒင်အစိုးရ တာဝန်ယူသည့်အချိန်မှစ၍ သန့်စင်သော စွမ်းအင်အသုံးပြုမှု၊ လျှပ်စစ်မော်တော်ယာဉ် (EVs)နှင့် ဘတ္ထရီထုတ်လုပ်မှုကဏ္ဍတို့တွင် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ဘီလီယံ (၄၀၀) ကျော် ရင်းနှီးမြှုပ်နှံခဲ့ကြကြောင်း၊ သို့ဖြစ်ပါ၍ အမေရိကန်စီးပွားရေး၏ အဓိကပင်မကျောရိုးဖြစ်သည့် အမေရိကန်အလုပ်သမားများ၊ အလုပ်သမား သမဂ္ဂများနှင့် ကုမ္ပဏီများ၊ ရင်းနှီးမြှုပ်နှံသူများနှင့် တီထွင်သူများအား ပံ့ပိုးရန်အတွက် ၂၁-၇-၂၀၂၄ ရက်မှ ၂၇-၇-၂၀၂၄ ရက်အထိ သီတင်းပတ်အား ‘Made in America’ Week အဖြစ် သတ်မှတ် ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

 

 

Source: https://www.whitehouse.gov/briefing-room/presidential-actions/2024/07/ 19/ a-proclamation-on-made-in-america-week-2024/

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: International News