International News

လျှပ်စစ်မော်တော်ယာဉ်ထုတ်လုပ်မှုများကို လျှော့ချခဲ့သည့် အမေရိကန်နိုင်ငံ၏ Ford Motor ကုမ္ပဏီ

Last Updated:

အမေရိကန်မော်တော်ယာဉ်ကုမ္ပဏီဖြစ်သည့် Ford Motor သည် ၎င်း၏ လျှပ်စစ်မော်တော် ယာဉ်ထုတ်လုပ်မှုကို လျှော့ချခဲ့ကြောင်း The New York Times အွန်လိုင်းသတင်း၌ ၂၁-၈-၂၀၂၄ ရက်တွင် “Ford Pulls Back Its Electric Vehicle Push” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါ သည်။  

Ford Motor ကုမ္ပဏီသည် လျှပ်စစ်မော်တော်ယာဉ်ထုတ်လုပ်မှုကဏ္ဍ၌ ဦးဆောင်ကုမ္ပဏီတစ်ခုဖြစ်လာရန် မျှော်မှန်းခဲ့သော်လည်း ဘတ္ထရီသုံးလျှပ်စစ်မော်တော်ယာဉ်အသစ်များတွင် ၎င်း၏ ရင်းနှီးမြှုပ်နှံမှုသည် နှေးကွေးလာခဲ့ကြောင်း၊ ၂၁-၈-၂၀၂၄ ရက်ပါ ကုမ္ပဏီ၏ ထုတ်ပြန်ချက်၌ Pickup Truck နှင့် Three-row electric sport-utility vehicle အမျိုးအစားလျှပ်စစ်မော်တော်ယာဉ်များကို နောက် (၁၈) လအကြာ၊ ၂၀၂၇ ခုနှစ်တွင်သာ မိတ်ဆက်သွားမည်ဖြစ် ကြောင်း၊ ထို့အပြင် ကုမ္ပဏီအနေဖြင့် လျှပ်စစ်မော်တော်ယာဉ်ကဏ္ဍရှိ ၎င်း၏ရင်းနှီးမြှုပ်နှံမှုပမာဏကို လျှော့ချရန်စီစဉ်လျက်ရှိပြီး ၂၀၂၆ ခုနှစ်မှသာ Electric Delivery Van အမျိုးအစားသစ်ကို မိတ်ဆက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ကမ္ဘာ့လျှပ်စစ်မော်တော်ယာဉ် ဈေးကွက်သည် ယှဉ်ပြိုင်မှုများပြီး မပြတ်ပြောင်းလဲနေကြောင်းနှင့် လျှပ်စစ်မော်တော်ယာဉ်များ ထုတ်လုပ်ရောင်းချမှုမှ အမြတ်အစွန်းရရှိမှသာ ဆက်လက် ထုတ်လုပ်နိုင်မည်ဟု ကုမ္ပဏီ၏ဘဏ္ဍာရေးအရာရှိချုပ် Mr. John Lawler က ဆိုကြောင်း၊ ထို့ကြောင့် ယခုအခါ လျှပ်စစ်မော်တော်ယာဉ်ကဏ္ဍရှိ ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှုပမာဏကို ယခင် (၄၀) ရာခိုင်နှုန်းမှ ယခု (၃၀) ရာခိုင်နှုန်းသို့ လျှော့ချခဲ့ကြောင်း၊ အမေရိကန်နှင့် ဥရောပနိုင်ငံများရှိ Ford လျှပ်စစ် မော်တော်ယာဉ်ရောင်းအားသည် Tesla နှင့် အခြားသော လျှပ်စစ်မော်တော်ယာဉ်များနှင့် နှိုင်းယှဉ်ပါက ကျဆင်းခဲ့ပြီး ဇူလိုင်လတွင် ကုမ္ပဏီ၏ လျှပ်စစ်မော်တော် ယာဉ်ဌာနသည် အမေရိကန်ဒေါ်လာ (၂.၅) ဘီလီယံအရှုံးပေါ်ခဲ့ကြောင်း သိရှိရပါသည်။

Ford Motor အနေဖြင့် ၂၀၂၆ ခုနှစ် လျှပ်စစ်မော်တော်ယာဉ်အစီးရေ (၂) သန်းခန့် ထုတ်လုပ် ရန်မျှော်မှန်းခဲ့သော်လည်း ၂၀၂၃ ခုနှစ်တွင် ယင်းရည်မှန်းချက်ကို စွန့်လွှတ်ခဲ့ရကြောင်း၊ ကုမ္ပဏီ အနေဖြင့် အမေရိကန်နိုင်ငံ၌ F-150 Lightning Pickup ၊ Mustang Mach-E S.U.V နှင့် Transit Van လျှပ်စစ်မော်တော်ယာဉ် Model (၃)မျိုးကို ထုတ်လုပ်ရောင်းချခဲ့ပြီး ကင်တက်ကီ၊ တင်နက်ဆီနှင့် မီချီဂန်ပြည်နယ် (၃) ခုတွင် ဆောက်လုပ်ဆဲဘတ္ထရီစက်ရုံ (၃)ရုံရှိကြောင်း၊ စတုတ္ထမြောက်ဘတ္ထရီ စက်ရုံဆောက်လုပ်မည့် အစီအစဉ်ကို ယခုအခါ ဆိုင်းငံ့ထားကြောင်း၊ ၂၀၂၆ ခုနှစ်မိတ်ဆက်မည့် Electric Delivery Van တပ်ဆင်ထုတ်လုပ်သည့်စက်ရုံကို တင်နင်ဆီပြည်နယ်ရှိ ဘတ္ထရီစက်ရုံဝင်းတွင် တည်ဆောက်လျက် အနီးရှိဘတ္ထရီစက်ရုံမှ ဘတ္ထရီများဖြင့် တပ်ဆင်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: International News