International News

အမေရိကန်အလုပ်သမားဈေးကွက်သည် ယခင်ထုတ်ပြန်ခဲ့သည့် အချက်အလက်များတွင် ဖော်ပြချက်များထက် ပို၍နှေးကွေးလာခဲ့

Last Updated:

အမေရိကန် အလုပ်သမားဈေးကွက်သည် ယခင်ထုတ်ပြန်ခဲ့သည့် အချက်အလက်များတွင် ဖော်ပြချက်များထက် ပို၍နှေးကွေးလာခဲ့ကြောင်း The Washington Post အွန်လိုင်းသတင်း၌ ၂၁-၈-၂၀၂၄ ရက်တွင် “Labor market was weaker than previously reported in big fix to jobs data” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

အမေရိကန်ဖက်ဒရယ်အစိုးရ၏ ၂၁-၈-၂၀၂၄ ရက် ထုတ်ပြန်ချက်များအရ ၂၀၂၃ ခုနှစ်၊ ဧပြီလမှ ၂၀၂၄ ခုနှစ်၊ မတ်လအထိ ဖန်တီးပေးနိုင်ခဲ့သည့် အလုပ်အကိုင်မှာ အချက်အလက်များ အမှန် ပြင်ဆင်ပြီးနောက်တွင် အလုပ်အကိုင်အရေအတွက် (၈၁၈,၀၀၀) အထိရှိသည်ဟု သိရှိရပါ သည်။ ဤသို့ပြင်ဆင်ထုတ်ပြန်သည့် အချက်အလက်များပေါ်မူတည်လျက်အချို့ကအမေရိကန် ဗဟိုဘဏ်သည် ငွေကြေးဖောင်းပွမှုလျှော့ချရန် အလွန်အကျွံ အာရုံစိုက်လုပ်ဆောင်ခဲ့သဖြင့် အလုပ်သမားဈေးကွက်ကို ထိခိုက်စေခဲ့ခြင်းဖြစ်သည်ဟု ဝေဖန်ခဲ့ကြကြောင်း၊ သက်မွေးဝမ်းကျောင်းနှင့် စီးပွားရေးလုပ်ငန်းဝန်ဆောင်မှုကဏ္ဍတွင် အလုပ်အကိုင်အရေအတွက် အများဆုံးကျဆင်းခဲ့ပြီး ယင်းကဏ္ဍရှိ အလုပ်သမား (၄၀) ရာခိုင်နှုန်းကျော် အလုပ်လက်မဲ့ရှိခဲ့ကြောင်း၊ အဆိုပါ (၁) နှစ်တာကာလအတွင်း တစ်လလျှင် အလုပ်အကိုင်အရေအတွက် (၂၄၃,၀၀၀) ရှိသည်ဟု ထုတ်ပြန်ခဲ့သော်လည်း အမှန်ပြင်ဆင်ပြီးနောက် ပျမ်းမျှတစ်လလျှင် အလုပ်အကိုင်ပေါင်း (၁၇၄,၀၀၀) သာရှိသဖြင့် ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

သို့ရာတွင် ယခင်နှစ်နွေရာသီနှင့် ယခုနှစ် နှစ်စပိုင်းတွင် အလုပ်သမားဈေးကွက်သည် အလွန် အားကောင်းခဲ့သဖြင့် ဗဟိုဘဏ်အနေဖြင့် လာမည့်စက်တင်ဘာလအစည်းအဝေး၌ အတိုးနှုန်း လျှော့ချရန် လုပ်ဆောင်နိုင်ကြောင်း၊ ဗဟိုဘဏ်အနေဖြင့် စက်တင်ဘာလ၌ကျင်းပမည့် အစည်း အဝေးတွင် အတိုးနှုန်းလျှော့ချရန် အရိပ်အမြွက်ပြောကြားလျက်ရှိနေပြီး ယခုထုတ်ပြန်သည့်အချက်အလက်များအရ အတိုးနှုန်းလျှော့ချရန်တောင်းဆိုမှု ပို၍ပြင်းထန်လာနိုင်ဖွယ်ရှိကြောင်း၊ အလုပ်သမားဈေးကွက် အညွှန်းကိန်းသည် ၂၀၂၃ ခုနှစ်၊ ဧပြီလမှ ၂၀၂၄ ခုနှစ်၊ မတ်လအထိ အလွန်ခိုင်မာခဲ့ပြီး အလုပ်လက်မဲ့နှုန်းမှာလည်း (၄) ရာခိုင်နှုန်းအောက်သာရှိခဲ့ကြောင်း သိရှိရပါသည်။

 

Source: https://www.washingtonpost.com/business/2024/08/21/job-gains-revisions -federal-reserve/

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: International News