International News

အမေရိကန်နိုင်ငံ၏စီးပွားရေးကို ခြိမ်းခြောက်လာခဲ့သည့် ကနေဒါနိုင်ငံ၏ရထားလမ်းများ ပိတ်သိမ်းမှု

Last Updated:

ကနေဒါနိုင်ငံ၏ ရထားလမ်းများ၌ အလုပ်လုပ်ကိုင်ကြသည့် အလုပ်သမားများနှင့် ရထားလမ်းကုမ္ပဏီတို့အကြား ဖြစ်ပွားခဲ့သည့် အငြင်းပွားမှုကြောင့် ရထားလမ်းများ ပိတ်သိမ်းခဲ့ရကာ အမေရိကန်နိုင်ငံ၏ စီးပွားရေးအပေါ်ခြိမ်းခြောက်မှုဖြစ်လာခဲ့သည်ဟု The Washington Post အွန်လိုင်းသတင်း၌ ၂၂-၈-၂၀၂၄ ရက်တွင် “Huge Canadian railway work stoppage threatens U.S. economy” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။  

ကနေဒါနိုင်ငံ၏ အရှည်ဆုံးရထားလမ်းကြောင်းနှစ်ခုကို ၂၂-၈-၂၀၂၄ ရက် အစောပိုင်းတွင် အလုပ်သမားများနှင့် ရထားလမ်းကုမ္ပဏီတို့အကြား အငြင်းပွားမှုများကြောင့် ပိတ်ထားခဲ့ပြီး ယင်းသို့ ပိတ်ထားခဲ့ခြင်းကြောင့် မြောက်အမေရိကန်နိုင်ငံများ၏ စီးပွားရေးကို ခြိမ်းခြောက်လာခဲ့ကြောင်း၊ အထူးသဖြင့် မော်တော်ယာဉ်၊ သစ်၊ ရေနံထွက်ပစ္စည်းများ၊ သီးနှံနှင့်အခြားအရေးပါသည့် ကုန်ပစ္စည်းများပို့ဆောင်မှုကိုပါ ခြိမ်းခြောက်မှုဖြစ်လာနိုင်ကြောင်း၊ Teamsters Canada Rail Conference မှ Teamsters အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များနှင့် Canadian Pacific Kansas City ရထားကုမ္ပဏီနှင့် Canadian National ရထားကုမ္ပဏီတို့အကြား အငြင်းပွားမှုကို ၂၁-၈-၂၀၂၄ ရက်ညပိုင်းအထိ အပြင်းအထန်ဆွေးနွေးခဲ့ကြသော်လည်း ပြေလည်မှုမရရှိခဲ့သဖြင့် ၂၂-၈-၂၀၂၄ ရက် နံနက် ၁၂း၀၁ နာရီတွင် ရထားလမ်းများကို သော့ခတ်ရပ်နားခဲ့ကြောင်း၊ ကနေဒါအစိုးရကို ကြားဝင်ဖြေရှင်းပေးရန် တောင်းဆိုခဲ့ကြသော်လည်း ကနေဒါဝန်ကြီးချုပ် Mr. Justin Trudeau က နှစ်ဘက်အဖွဲ့အစည်းများ အကြား သဘောတူညီနိုင်သည့် အဖြေတစ်ခုကို ရှာဖွေကြစေလိုသည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ကနေဒါရထားလမ်း အလုပ်ပိတ်သိမ်းခြင်းသည် အမေရိကန်နှင့် ကနေဒါနိုင်ငံများအပေါ် သက်ရောက်မှုဖြစ်စေနိုင်ပြီး မြောက်အမေရိကန်နိုင်ငံများတွင် ဈေးနှုန်းမြင့်တက်၍ ကုန်ထုတ် လုပ်မှု ထောက်ပံ့ရေးကွင်းဆက် (Supply Chain) ပြတ်တောက်မှုများ ဖြစ်ပွားနိုင်ကြောင်း၊ အမေရိကန်နိုင်ငံ၏ Union Pacific ရထားလမ်းကုမ္ပဏီက ရထားလမ်းပိတ်ထားခြင်းသည် တစ်ရက်လျှင် အမေရိကန်-ကနေဒါနယ်စပ်ကို ဖြတ်သန်းလျက်ရှိကြသည့် ရထားပေါင်း (၂,၅၀၀) ကျော်ကို ရပ်ဆိုင်းလိုက် သကဲ့သို့ဖြစ်ကြောင်း၊ အမေရိကန်လယ်ယာထုတ်ကုန်များ ကုန်သွယ် ရေးအသင်းအဖွဲ့နှင့် အမျိုးသားဝါဂွမ်းကောင်စီအပါအဝင် ကုန်သွယ်ရေးအဖွဲ့များက သမ္မတဂျိုးဘိုင်ဒင်နှင့် အခြားအမေရိကန်နှင့် ကနေဒါ အစိုးရအရာရှိများထံသို့ ကနေဒါရထားလမ်းပိတ်သိမ်းမှုနှင့်ပတ်သက်၍ စာရေးသားပေးပို့ခဲ့ရာတွင် ယခုကဲ့သို့ ရထားလမ်းပိတ်ခြင်းသည် အမေရိကန်စိုက်ပျိုးရေးကဏ္ဍနှင့် စိုက်ပျိုးရေး ထုတ်ကုန်ထုတ်လုပ်သည့် လုပ်ငန်းရှင်များကို ထိခိုက်မှုဖြစ်စေသလို ပြည်တွင်းနှင့် ကမ္ဘာ့စားနပ် ရိက္ခာဖူလုံရေးကို ထိခိုက်နိုင်စေကြောင်း၊ ရထားလမ်းတစ်ရက်ပိတ်ခြင်းကြောင့် ဖြစ်ပေါ်မည့် ထိခိုက်မှုကို ပြန်လည်ကုစားရန် ၃ ရက်မှ ၅ ရက်အထိ ကြာမြင့်နိုင်ကြောင်း၊ ပဲအမျိုးမျိုးနှင့်ဂျုံသီးနှံများ ဖြန့်ဖြူးရောင်းချသည့် ကမ္ဘာ့အကြီးဆုံးလုပ်ငန်းတစ်ခုဖြစ်သော AGT Foods ၏ အမှုဆောင် အရာရှိချုပ် Mr. Murad Al-Katib က ကနေဒါနယ်စပ်မှ အမေရိကန်နိုင်ငံသို့ တင်ပို့လျက်ရှိသည့် ပဲအမျိုးမျိုးနှင့် ပါစတာအတွက်အသုံးပြုသည့် ဂျုံစသည့်ကုန်ပစ္စည်းများ တင်ပို့မှုကိုချက်ချင်းရပ်တန့်စေကြောင်း၊ကနေဒါ Teamsters အလုပ်သမားသမဂ္ဂ၏ ညီနောင်အသင်းဖြစ်သည့် အမေရိကန်နိုင်ငံ၏ Brotherhood of Locomotive Engineers and Trainmen အသင်းကလည်း ကနေဒါ ရထားလမ်းလုပ်သားများ မောင်းနှင်လည်ပတ်သည့်ရထားများကို ဖြတ်သန်းခွင့်ပြုရန် ငြင်းဆိုနိုင်ကြောင်း သိရှိရပါသည်။

အမေရိကန်ပို့ဆောင်ရေးဝန်ကြီးဌာန၏ ပြောဆိုချက်အရ အမေရိကန်နှင့် ကနေဒါနိုင်ငံတို့ အကြား တစ်လလျှင် ကုန်စည်တန်ဖိုးအမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာကို ရထားလမ်းဖြင့်သယ်ဆောင်လျက်ရှိကြောင်း၊ ကနေဒါရထားလိုင်း (၃၀) ရာခိုင်နှုန်းကျော်သည် အမေရိကန်နိုင်ငံသို့ နှစ်စဉ်ဖြတ်သန်းလျက်ရှိသည်ဟု အမေရိကန်ရထားလမ်းအသင်းက ဆိုကြောင်း၊ ၂၀၂၂ ခုနှစ်တွင် အမေရိကန်ရထားလိုင်းကုမ္ပဏီများနှင့် ရထားလုပ်သားများအကြားပေါ်ပေါက်ခဲ့သည့် အငြင်းပွားမှုကို သမ္မတဂျိုးဘိုင်ဒင်နှင့် အမေရိကန်လွှတ်တော်တို့က ဝင်ရောက်ဖြေရှင်းပေးခဲ့ရသည့်ဖြစ်ရပ်များရှိခဲ့ကြောင်း သိရှိရပါသည်။

ကနေဒါနိုင်ငံ၏ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များသည် ယခင်ရက်သတ္တပတ်က အများပြည်သူ ကျန်းမာရေး သို့မဟုတ် လုံခြုံမှုပေါ် ပြင်းထန်သည့် အန္တရာယ်ကျရောက်နိုင်မှုအပေါ် ရထားကုမ္ပဏီကြီးနှစ်ခုက အရေးယူဆောင်ရွက်မှုမရှိခြင်းကြောင့် အလုပ်ရပ်ဆိုင်းရန် ဆုံးဖြတ်လျက် ဆန္ဒထုတ်ဖော်ခဲ့ကြပါသည်။ Teamsters Canada အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များက Canadian Pacific ကုမ္ပဏီ၏ ကုန်ပစ္စည်းပို့ဆောင်ရာတွင် အလုပ်လုပ်ကိုင်ကြသည့် အလုပ် သမား ၃,၂၀၀ နှင့် ရထားထိန်း ၈၅ ဦး၊ Canadian National ကုမ္ပဏီမှ ရထားပို့ဆောင်ရေးကဏ္ဍလုပ်သား ၆,၀၀၀ ခန့်၏ စာချုပ်များကို သက်တမ်းတိုးမြှင့်ရန် တောင်းဆိုခဲ့ကြပြီး အလုပ် သမားသမဂ္ဂနှင့် ကုမ္ပဏီနှစ်ခုအကြား ညှိနှိုင်းအဖြေရှာခဲ့ကြသော်လည်း သဘောတူညီသည့်အခြေအနေသို့မရောက်ခဲ့သဖြင့် ၂၂-၈-၂၀၂၄ ရက်တွင် ရထားလမ်းအလုပ်ပိတ်သိမ်းခဲ့ခြင်းဖြစ် သည်။ အဆိုပါရထားလမ်းပိတ်သိမ်းခြင်းကြောင့် အမေရိကန်နိုင်ငံ၏ အဓိကအရေးပါသည့် နယူးယောက်၊ နယူးဂျာဆီနှင့် ဖီလာဒယ်လ်ဖီးယားဆိပ်ကမ်းများမှ ဝင်ရောက်လာသောသွင်းကုန်များကို ရထားဖြင့် ကနေဒါနိုင်ငံသို့တင်ပို့မှုအပေါ် ဦးစွာထိခိုက်မည်ဖြစ်ကြောင်း တင်ပြအပ်ပါ သည်။

 

Source:https://www.washingtonpost.com/business/2024/08/22/canada-rail-strike/

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: International News