Local News

ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇူလိုင်လအတွင်း နေလှန်းဆား ပိဿာချိန် ၈၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇူလိုင်လအတွင်း နေလှန်းဆားပိဿာချိန် ၈၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဖာပုံမြို့နယ်မှ ဆားထုတ်လုပ်ရောင်းဝယ်ရေးလုပ်ငန်းပိုင်ရှင် ဒေါ်မာမာရီက ပြောပြ၍ သိရသည်။ ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇွန်လက ဒေသထွက် နေလှန်းဆားပိဿာချိန် ၆၀၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဇူလိုင်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ နေလှန်းဆားပိဿာချိန် ၈၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ ဖျာပုံမြို့နယ်ဘက်မှထွက်သည့် နေလှန်းဆားများကို ရန်ကုန်ဈေးကွက်သို့ အဓိကတင်ပို့ရောင်းချရသကဲ့သို့ အခြားတိုင်းဒေသကြီးနှင့် မြို့နယ်များကိုလည်း တင်ပို့ရောင်းချနေရကြောင်း သိရသည်။

“ဖျာပုံမြို့နယ်ကနေ ဒေသထွက်နေလှန်းဆားတွေကို ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချနေပါတယ်။ ဇူလိုင်လအတွင်းက ပိဿာချိန် ၈၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ လက်ရှိ ဩဂုတ်လထဲမှာလဲ ပိဿာချိန်တော်တော်များများ တင်ပို့ရောင်းချနေရပါတယ်။ အခုလို ဆားအရောင်းအဝယ်ကောင်းလာတော့ ဆားထုတ်လုပ်တဲ့လုပ်ငန်းနဲ့ ဆက်စပ်တဲ့သူတွေ အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိနေပါတယ်။ ဖျာပုံမြို့နယ်ကထွက်တဲ့ နေလှန်းဆားတွေက အရည်အသွေးလဲကောင်းပါတယ်” ဟု ဖျာပုံမြို့နယ်မှ ဆားထုတ်လုပ်ရောင်းဝယ်ရေးလုပ်ငန်းပိုင်ရှင် ဒေါ်မာမာရီက ပြောပြသည်။

ဖျာပုံမြို့နယ်တွင် ဒေသထွက်နေလှန်းဆားများကို ဆားလုပ်ငန်းရှင်များက စနစ်တကျထုတ်လုပ်ပြီး ရန်ကုန်ဈေးကွက်သို့ အဓိကထားတင်ပို့ရောင်းချလျက်ရှိကြောင်း၊ အဆိုပါ နေလှန်းဆား ၁၀ ပိဿာလျှင် ငွေကျပ် ၅၉၀၀၀ ထိ ဈေးပေါက်နေကြောင်း၊ ဒေသထွက် နေလှန်းဆားများကို ငါးပိ၊ ငါးခြောက်၊ ငံပြာရည်စသည့် လုပ်ငန်းများတွင် အဓိကသုံးပြုကြကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News