International News

အမေရိကန်နိုင်ငံ၏ သိုလှောင်ထိန်းသိမ်းထားသည့် ရေနံစိမ်းစတော့သည် ယခင်သီတင်းပတ်အတွင်း မြင့်တက်ခဲ့

Last Updated:

အမေရိကန်နိုင်ငံ၏ သိုလှောင်ထိန်းသိမ်းထားသည့် ရေနံစိမ်းစတော့သည် ယခင်သီတင်းပတ် အတွင်း စည်ပေါင်း (၁.၈) သန်း မြင့်တက်ခဲ့သည်ဟု Wall Street Journal အွန်လိုင်းသတင်းတွင် ၂၂-၅-၂၀၂၄ ရက်နေ့၌ “U.S. Crude Oil Stockpiles Rose Last Week” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

အမေရိကန် စွမ်းအင်အချက်အလက်အုပ်ချုပ်ရေးဌာန (U.S. Energy Information Administration - EIA) ၏ ထုတ်ပြန်ချက်အရ ယခင်သီတင်းပတ်အတွင်း အမေရိကန်နိုင်ငံ၏ ရေနံစိမ်း Inventory သည် မြင့်တက်ခဲ့ပြီး ဓာတ်ဆီ Inventory မှာ ကျဆင်းခဲ့ကြောင်း၊ မဟာဗျူဟာအရ အရန်သိုလှောင်ထိန်းသိမ်းထားသည့် ရေနံစိမ်းပမာဏကို ထည့်သွင်းတွက် ချက်ထားခြင်းမပြုဘဲ ရောင်းဝယ်ရန်အတွက် သိုလှောင်ထားသည့် ရေနံစိမ်းပမာဏသည် မေလ ၁၇ ရက်နေ့တွင် စည်ပေါင်း (၁.၈) သန်းတိုးလာခဲ့ရာ စည်ပေါင်း (၄၅၈.၈) သန်းအထိ မြင့်တက်လာခဲ့ကြောင်း၊ ဤသို့မြင့်တက်ခဲ့သည့် ပမာဏသည် ယခင် (၅) နှစ် ပျမ်းမျှ Inventories နှင့် နှိုင်းယှဉ်ပါက (၃) ရာခိုင်နှုန်းအထိ လျော့ကျလျက်ရှိသေးကြောင်း၊ အရန်သိုလှောင် ထိန်းသိမ်းထားသည့် ရေနံစိမ်းပမာဏသည် စည်ပေါင်း (၉၉၃,၀၀၀) တိုးလာခဲ့သဖြင့် ရေနံစိမ်းစည်ပေါင်း (၃၆၈.၈) သန်းအထိ ရှိလာခဲ့ကြောင်း၊ Nymex ဖြန့်ဝေရာအဓိကနေရာဖြစ်သည့် အိုကလာဟိုးမားပြည်နယ် Cushing မြို့ရှိ ရေနံစိမ်းသိုလှောင်ထားမှုပမာဏသည် စည်ပေါင်း (၁.၃) သန်းမြင့်တက်ခဲ့ရာ စည်ပေါင်း (၃၆.၃) သန်းအထိ ရှိလာခဲ့ကြောင်း၊ ရေနံစိမ်းသန့်စင်မှုပမာဏမှာလည်း (၁.၃) ရာခိုင်နှုန်းသို့ မြင့်တက်ခဲ့ပြီး ဆက်လက်မြင့်တက်လာနိုင်ကြောင်း သိရှိရပါသည်။

အမေရိကန်နိုင်ငံ၏ ရေနံစိမ်းထုတ်လုပ်မှုသည် တစ်ရက်လျှင် စည်ပေါင်း (၁၃.၁) သန်းအထိရှိနိုင်သည်ဟု EIA က ခန့်မှန်းထားကြောင်း၊ အမေရိကန်နိုင်ငံ၏ ရေနံစိမ်းသွင်းကုန်သည် တစ်ရက်လျှင် စည်ပေါင်း (၈၁,၀၀၀) အထိ ကျဆင်းခဲ့သော်လည်း ပို့ကုန်မှာ တစ်ရက်လျှင် စည်ပေါင်း (၅၉၅,၀၀၀) အထိ မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

ဓာတ်ဆီ Inventory သည် စည်ပေါင်း (၉၄၅,၀၀၀) ကျဆင်းခဲ့သဖြင့် စုစုပေါင်းလက်ကျန်စည်ပေါင်း (၂၂၆.၈) သန်းအထိ ရှိလာခဲ့ကြောင်း၊ ယင်းကျဆင်းမှုသည် ယခင် (၅) နှစ်အတွင်း ပျမ်းမျှဓာတ်ဆီ Inventory အောက် (၂) ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ ဓာတ်ဆီဝယ်လိုအားသည် တစ်ရက်လျှင်စည်ပေါင်း (၄၃၉,၀၀၀) အထိ မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

 

 

Source;https://www.wsj.com/business/energy-oil/u-s-crude-oil-stockpiles-rose-last-week-1c97a186?mod=business_feat6_energy-oil_pos2  

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: International News