International News

ဗီယက်နမ်နိုင်ငံ Đồng Tháp ပြည်နယ်မှ ကြာစွယ်များ ဂျပန်နိုင်ငံသို့ ပထမဆုံးတင်ပို့

Last Updated:

ဗီယက်နမ်နိုင်ငံ မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသဖြစ်သည့် Đồng Tháp ပြည်နယ်မှ ကြာစွယ် ၁၅ တန်ကို ဂျပန်နိုင်ငံသို့ ပထမဆုံးတင်ပို့နိုင်ခဲ့ကြောင်းနှင့် ၎င်းသည် သိသာထင်ရှားသော အောင်မြင်မှုတစ်ခုဖြစ်ကြောင်း Vietnam News Agency အွန်လိုင်းသတင်းဖော်ပြချက်အရ သိရှိရပါသည်။

ပြည်ပတင်ပို့မည့် ကြာပန်းများကို ၁၃၅ ရက်ကြာ စေ့စပ်သေချာစွာ စိုက်ပျိုးခဲ့ကြောင်းI ဂျပန်ဈေးကွက်အတွက်  ရည်ရွယ်၍ လတ်ဆတ်မှုနှင့် အရည်အသွေး သေချာစေရန်အတွက် IQF နည်းပညာကို အသုံးပြုကာ အနုတ် ၂၅ ဒီဂရီစင်တီဂရိတ်တွင် အအေးခံကာ လှီးဖြတ်ပြီး အေးခဲ ထားကြောင်း ဖော်ပြထားပါသည်။

Đại Việt Lotus Food JSC စက်ရုံ ဒါရိုက်တာဖြစ်သူ ငုယင်မင်း၏ အဆိုအရ ကုမ္ပဏီသည် ပို့ကုန်တင်ပို့မှုအတွက် ထုတ်ကုန်များ၏ အရည်အသွေးနှင့် ဘေးကင်းမှုကို သေချာစေရန် စိုက်ပျိုး ဧရိယာမှ မြေ၊ ရေနှင့် လေနမူနာများ စမ်းသပ်ခြင်း၊ စက်ရုံ၏ သန့်ရှင်းမှုအာမခံရန်အတွက် လိုအပ်သော စံချိန်စံညွှန်းများနှင့် ကိုက်ညီစေရန် စက်ရုံကို သေချာစွာစေ့စေ့စပ်စပ် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

ဂျပန်မိတ်ဖက်ကုမ္ပဏီသည် ယခုနှစ်အတွင်း ကြာပန်းကွန်တိန်နာ ၈ လုံး ထပ်မံတင်သွင်းရန် စိတ်ဝင်စားလျက်ရှိကြောင်းနှင့် အကြမ်းဖျင်းအားဖြင့် ဗီယက်နမ်ဒေါင် ၇ ဘီလီယံ (အမေရိကန် ဒေါ်လာ ၂၉၁ သန်း) ခန့်ရှိကြောင်း ၎င်းကပြောကြားခဲ့သည်။

Dong Thap ပြည်နယ်၏ ယခုကဲ့သို့အောင်မြင်မှုသည် ပို့ကုန်စွမ်းဆောင်ရည်ကို တိုးမြှင့်စေကြောင်း၊ ၂၀၂၄ ခုနှစ် ပထမလေးလတွင် Dong Thap ပြည်နယ်၏ ပို့ကုန်တင်ပို့မှုသည် အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော်ရှိခဲ့ပြီး ယခင်နှစ် အလားတူကာလထက် ၃၇.၂ ရာခိုင်နှုန်း သိသိသာသာတိုးတက်မှုကို တွေ့ရှိရပါသည်။ အဓိကတင်ပို့သည် ကုန်ပစ္စည်းများမှာ ပင်လယ်စာ၊ ဆန်၊ ပုစွန်၊ အထည်အလိပ်များဖြစ်ကြောင်း သိရှိရပါသည်။

ခရိုင်စက်မှုလက်မှုနှင့် ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးဖြစ်သူ Vo Phuong Thuy က ပြည်တွင်းထွက်ကုန်အများစုအတွက် ပို့ကုန်တန်ဖိုးသည် အပြုသဘောဆောင်သည့် လမ် းကြောင်းသို့ ရောက်ရှိလျက်ရှိကြောင်း၊ ဆန်တင်ပို့မှုသည် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော်လွန်ကာ တစ်နှစ်ထက်တစ်နှစ် ၁၄၉ ရာခိုင်နှုန်း သိသိသာသာ တိုးလာကြောင်း၊ ၂၀၂၄ ခုနှစ် လျာထားချက်၏ ၉၀ ရာခိုင်နှုန်းသို့ ထိပ်ဆုံးမှ ရောက်ရှိလျက်ရှိကြောင်း၊ ပြုပြင်ပြီး ပင်လယ်စာနှင့် အဝတ်အထည်များကို တင်ပို့မှုမှာလည်း အားကောင်းလာလျက်ရှိပြီး၊ အမေရိကန်ဒေါ်လာ ၁၈၅ သန်းနှင့် အမေရိကန်ဒေါ်လာ ၆၅ သန်း အသီးသီး ရရှိခဲ့ကြောင်း ဖော်ပြထား သည်။

Dong Thap ပြည်နယ်၏ ကြာစွယ်ကို ဂျပန်သို့ တင်ပို့နိုင်မှုသည် ပို့ကုန်တင်ပို့မှုကဏ္ဍ ကွဲပြားမှုနှင့် တိုးတက်မှုအတွက် ပြည်နယ်၏ အလားအလာကိုပြသလျက်ရှိပါသည်။ အဆိုပါ အောင်မြင်မှုသည် နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီမှု၊ အရည်အသွေးထိန်းချုပ်နိုင်မှုနှင့် အသိအမှတ်ပြုလက်မှတ်များ၏ အရေးပါမှုနှင့်အတူ ဗီယက်နမ်ပို့ကုန်များအပေါ် ယုံကြည်မှု တိုးမြင့်လာစေပါကြောင်း လေ့လာသုံးသပ်တင်ပြအပ်ပါသည်။

 

 

Source: Vietnam News Agency

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

 

Category: International News