International News

ထိုင်းနိုင်ငံအစိုးရ၏ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးဆိုင်ရာ အစီအမံများ ဆောင်ရွက်နေသော်လည်း အဆိုပါ ကဏ္ဍမှဝင်ငွေသည် မျှော်မှန်းထားသည့်ပမာဏကို လွဲချော်နိုင်ခြင်း

Last Updated:

ထိုင်းနိုင်ငံ၏ ခရီးသွားကဏ္ဍကို စီးပွားရေးတိုးတက်မှုအတွက် အဓိက သော့ချက်အဖြစ် မှတ်ယူ ထားသော်လည်း ၂၀၂၄ ခုနှစ်အတွင်း ခရီးသွားလုပ်ငန်းဝင်ငွေသည် မှန်းထားသည့်ပမာဏအောက် လျော့နည်းနိုင်ကြောင်း သိရှိရပါသည်။

“Ignite Thailand Tourism” သည် ယခုနှစ်အတွက် အစိုးရ၏ မူဝါဒတစ်ခုဖြစ်ခဲ့သော်လည်း ဝင်ငွေသည် မျှော်မှန်းထားသည့်ပမာဏ ဘတ် ၃ ထရီလီယံနှင့် လွဲချော်နိုင်ကြောင်း ခရီးသွားနှင့် အား ကစားဝန်ကြီးဌာန H.E Ms. Sorawong Thienthong က ပြောကြားခဲ့ပါသည်။

ထိုင်းအစိုးရသည် ခရီးသွားဝင်ရောက်မှုကို ချောမွေ့စေရန် ၉၃ နိုင်ငံအတွက် ဗီဇာကင်းလွတ်ခွင့် လုပ်ငန်စဉ်၊ Destination Thailand ဗီဇာနှင့် နယ်စပ်မော်တော်ကားလမ်းများ၌ TM6 ဖောင်အသုံးပြုမှု ကင်းလွတ်ခွင့်ပေးခြင်း စသည်တို့ ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ထို့ပြင် Songkran ပွဲတော်ကို ၁ လကြာ ကျင်းပခွင့်ပေးခြင်း၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် Winter Festival ကျင်းပပေးခြင်းတို့ ဆောင် ရွက်ပေးခဲ့ပါကြောင်း၊ သို့သော် ယင်းကဲ့သို့ ဆောင်ရွက်ချက်များသည် ခရီးသွားလုပ်ငန်း ကုန်ကျစရိတ် များတွင် ကိန်းဂဏန်းများစွာ ကုန်ကျခဲ့သောကြောင့် ခရီးသွားလိုသည့်စိတ်ဓာတ်ကို ပြည့်ပြည့်ဝဝ ပြန် လည် မရောက်ရှိစေပါကြောင်း၊ ခရီးသွားဝင်ရောက်မှုသည် စက်တင်ဘာလအတွင်းရှိ မြောက်ပိုင်း ရေကြီးမှုနှင့် နိုဝင်ဘာလနှောင်းပိုင်းတွင် စတင်ခဲ့သော တောင်ပိုင်းရေကြီးမှုတို့ကြောင့် အနှောင့်အယှက် ဖြစ်စေကြောင်း သိရှိရပါသည်။

စီးပွားရေးကျဆင်းမှုနှင့် အိမ်ထောင်စုကြွေးမြီမြင့်တက်နေမှုတို့သည် ပြည်တွင်းခရီးသွားမှုကို ထိခိုက်ခဲ့ပြီး ဘဏ္ဍာငွေလုံလောက်သူများအနေဖြင့် ပြည်တွင်းခရီးသွားခြင်းထက် ထိုင်းနိုင်ငံသားများ အတွက် ဗီဇာကင်းလွတ်ခွင့်ပေးထားသည့် ဂျပန်နှင့် တရုတ်နိုင်ငံများသို့ သွားရန် ပိုမိုအားသန်ကြပါ ကြောင်း၊ ဝန်ကြီးချုပ် နှစ်ဦးအောက်တွင် အစိုးရအဖွဲ့ပြောင်းလဲမှုနှင့် ခရီးသွားဝန်ကြီး ၃ ကြိမ် အပြောင်း အလဲဖြစ်မှု စသည့် နိုင်ငံရေးတစ်သမတ်တည်းမရှိမှုတို့သည်လည်း စီးပွားရေးကို အတားအဆီးဖြစ်စေပါ ကြောင်း၊ ဒုတိယမြို့တော်များတွင် လူတို့ပြုလုပ်ပြီး ရေရှည်ဖွံ့ဖြိုးမှုကို ထိန်းသိမ်းရမည့် အရာများအစား ရာသီအလိုက် အခမ်းအနားများကိုသာ မြှင့်တင်ဆောင်ရွက်နေကြသောကြောင့် ခရီးသွားလုပ်ငန်းမြှင့် တင်မည့် အစိုးရ၏ အစီအစဉ်သည် မအောင်မြင်သေးပါကြောင်း ထိုင်းခရီးသွားလုပ်ငန်းကောင်စီ ဥက္ကဋ္ဌ Mr. Chamnan Srisawat က သုံးသပ်ပြောကြားခဲ့သည်။

နိုင်ငံခြားသားများကလည်း ခရီးသွားလုပ်ငန်းတိုးတက်မှု၏ အကျိုးကျေးဇူးများကို ခံစားလျက် ရှိပြီး တရားမဝင်နေရာထိုင်ခင်းဆောင်ရွက်ပေးနေမှုသည်လည်း လက်ရှိပြဿနာရပ်ဖြစ်ပါ ကြောင်း၊ စီးပွားရေးလှုံ့ဆော်မှု နည်းလမ်းများ၊ လေကြောင်းလိုင်းအရေအတွက် တိုးမြှင့်ခြင်းနှင့် ပြည်တွင်း ခရီး သွား လုပ်ငန်းကို မြှင့်တင်ပေးမည့် We Travel Together နည်းလမ်းများကြောင့် အခြေအနေသည် လာမည့်နှစ်တွင် တိုးတက်လာမည်ဟု ယုံကြည်ပါကြောင်း၊ ခရီးသွားလုပ်ငန်းဆိုင်ရာ ထောက်ပံ့မှုများ ကို မြှင့်တင်ရန်၊ ဆွဲဆောင်မှုအသစ်များ တည်ဆောက်ခြင်းနှင့် ကမ္ဘာ့အဆင့်မီ ပွဲတော်များကို ကျင်းပရုံ တင်မဟုတ်ဘဲ ဖျော်ဖြေရေးရုံများ စတင်တည်ဆောက်သွားရန် အစိုးရကို တိုက်တွန်းလိုကြောင်း Mr. Chamnan က ဖြည့်စွက်ပြောကြားခဲ့သည်။

Source: www.bangkokpost.com ၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News