International News

ဗီယက်နမ်နိုင်ငံ၏ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တင်ပို့မှု ပမာဏသည် ၄ လအတွင်း ဒေါ်လာ ၁.၈ ဘီလီယံ အထိ ရောက်ရှိ

Last Updated:

သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တင်ပို့ရောင်းချမှုပမာဏသည် ယခုနှစ် ပထမ ၄ လအတွင်း အမေရိကန်ဒေါ်လာ ၁.၈ ဘီလီယံကျော် ရောက်ရှိခဲ့ကြောင်းနှင့် ယခင်နှစ် အလားတူကာလထက် ၃၂.၉ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ဗီယက်နမ် အကောက်ခွန်ဦးစီးဌာနမှ ဖော်ပြထားပါသည်။

အကောက်ခွန်ဦးစီးဌာန၏ ပဏာမအစီရင်ခံစာအရ ယခုလတွင် သစ်သီးဝလံနှင့် ဟင်းသီး ဟင်းရွက်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၅၃၉.၈ သန်းရှိပြီး၊ ယခင်လထက် ၁၄.၉ ရာခိုင်နှုန်းနီးပါး တိုးလာကာ တစ်နှစ်ထက်တစ်နှစ် ၃၇.၈ ရာခိုင်နှုန်း တိုးလာကြောင်း သိရှိရပါသည်။

လေးလတာကာလအတွင်း ဗီယက်နမ် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ အများဆုံးတင်ပို့သည့်ဈေးကွက်မှာ တရုတ်၊ တောင်ကိုရီးယား၊ အမေရိကန်နှင့် ထိုင်းနိုင်ငံတို့ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ထို့အပြင် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်တင်သွင်းမှုသည် ယခုလတွင် အမေရိကန်ဒေါ်လာ သန်း ၁၅၀ နီးပါးအထိ ရောက်ရှိခဲ့ပြီး ယခင်လနှင့် နှိုင်းယှဉ်ပါက ၄ ရာခိုင်နှုန်းနီးပါး ကျဆင်းသွားခဲ့ပြီး ယခင်နှစ် အလားတူကာလထက် ၆.၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။

ယခုနှစ် ပထမ ၄ လတွင် သစ်သီးနှင့် ဟင်းသီးဟင်းရွက် တင်သွင်းမှုသည် အမေရိကန်ဒေါ်လာ ၆၄၂ သန်းရှိခဲ့ပြီး တစ်နှစ်လျှင် ၁၂.၆ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။ စက်မှုနှင့် ကုန်သွယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံခြားကုန်သွယ်မှု အေဂျင်စီမှ ဒူးရင်း အပါအဝင် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ တင်ပို့မှုသည် ယခုနှစ်တွင် ပိုမိုတိုးလာမည်ဟု မျှော်မှန်းထားပါကြောင်း၊ စိုက်ပျိုးဧရိယာများနှင့် ထုပ်ပိုးမှုဆိုင်ရာ ကုဒ်နံပါတ်များ ပိုမိုသိရှိနိုင်ကာ တင်ပို့ရန် အခြေအနေကောင်းများ ဖန်တီးပေးနိုင်ကြောင်း သိရှိရပါသည်။

ဆေးဖက်ဝင်အပင်များ၊ အုန်းသီး၊ အေးခဲထားသော သစ်သီးဝလံများနှင့် ဖရဲသီးများ အပါအဝင် နောက်ထပ်ထုတ်ကုန် လေးခုကို တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့နိုင်မည်ဟု မျှော်မှန်းထား ကြောင်း ဖော်ပြထားပါသည်။

ဗီယက်နမ်နိုင်ငံ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာနအနေဖြင့် ဈေးကွက်အတွင်း အပြုသဘောဆောင်မှုများကြောင့် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆-၆.၅ ဘီလီယံခန့်ထိ ရရှိနိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါသည်။ ယခင်နှစ်ထက် ၁၅-၂၀ ရာခိုင်နှုန်းခန့် တိုးလာနိုင်ကြောင်း ဖော်ပြထားပါသည်။ တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံနှင့် ပထဝီအနေအထား၊ ယဉ်ကျေးမှု အထူးသဖြင့် စားသောက်မှုအခြေအနေနှင့် ယဉ်ကျေးမှု တူညီခြင်းကြောင့် ဗီယက်နမ်နိုင်ငံ၏ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ထုတ်ကုန် များအတွက် အလားအလာရှိသော ဈေးကွက်တစ်ခုဖြစ်လာနိုင်ကြောင်း သုံးသပ်တင်ပြရပါ သည်။

 

 

Source : Viet Nam News

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News