International News

ဂျာမနီ၏ ၂၀၂၄ ခုနှစ် ဂျီဒီပီ တိုးတက်မှု ခန့်မှန်းချက်ကို ၀.၃ ရာခိုင်နှုန်းသို့ တိုးမြှင့်

Last Updated:

ဂျာမန်အစိုးရသည် ၂၀၂၄ ခုနှစ်အတွက် ၎င်း၏ စီးပွားရေးတိုးတက်မှု ခန့်မှန်းချက်ကို ၀.၂ ရာခိုင် နှုန်းမှ ၀.၃ ရာခိုင်နှုန်းသို့ ပြန်လည်ပြင်ဆင်ခဲ့ကြောင်း စီးပွားရေးဝန်ကြီး Mr. Robert Habeck က ၂၄-၄-၂၀၂၄ ရက် မွန်းလွဲပိုင်းတွင် အတည်ပြုပြောကြားခဲ့သည်။

၎င်းတို့အနေဖြင့်  ၎င်းတို့၏ မျှော်မှန်းချက်များကို သတ်မှတ်ထားသည်ထက် ကျော်လွန်စေရန် တိုးတက်မှု အနည်းငယ်ရှိလာသော အခြေအနေကို ကိုးကားချိန်ညှိ၍ ဆောင်ရွက်ခဲ့ကြောင်း The Green Party ၏ နိုင်ငံရေးသမားတစ်ဦးအနေဖြင့် ရှင်းပြခဲ့သည်။

ဖေဖော်ဝါရီလတွင် အစိုးရက ၎င်း၏ခန့်မှန်းချက်ကို ၁.၃ ရာခိုင်နှုန်းမှ ၀.၂ ရာခိုင်နှုန်းသို့ သိသိသာသာ လျှော့ချခဲ့သောကြောင့် ယခုကဲ့သို့ ၀.၁ ရာခိုင်နှုန်း တိုးမြှင့်၍ ပြန်လည်ပြောင်းလဲမှု သည် လပေါင်းများစွာ စီးပွားရေး ရပ်တန့်သွားခဲ့ရာမှ သက်သာရာရမှု အနည်းငယ်ရှိလာစေမည့် အခြေအနေတစ်ခုကို ကိုယ်စားပြုခဲ့ပါသည်။ ယင်းအချိန်က ဂျာမန်စီးပွားရေး လှိုင်းထန်ခဲ့ကြောင်း၊ တိုင်းပြည်သည် စီးပွားရေးအကျပ်အတည်းများမှ မျှော်မှန်းထားသည်ထက် ပိုမိုနှေးကွေးစွာ ရုန်းထွက်လာခဲ့ရကြောင်းနှင့် ယခုအချိန်တွင်မူ ငွေကြေးဖောင်းပွမှုကို ပြန်လည်ကျဆင်းသွား စေမည့် စွမ်းအင်စျေးနှုန်းများ ကျဆင်းလာမှုကြောင့် ထုတ်လုပ်မှု မြင့်တက်လာခဲ့ကြောင်း စီးပွားရေးဝန်ကြီး Mr. Habeck က ပြောကြားခဲ့ပါသည်။

Mr. Habeck ၏ အဆိုအရ နိုင်ငံအတွင်း ဝယ်ယူသုံးစွဲနိုင်မှုစွမ်းအား တဖြည်းဖြည်း များပြားလာပြီး ပုဂ္ဂလိကသုံးစွဲမှုကို ပြန်လည်မြှင့်တင်ပေးနေကြောင်း သိရှိရပါသည်။

ငွေကြေးဖောင်းပွမှု ကျဆင်းခြင်းသည် စားသုံးသူများ၏ ဝယ်လိုအားကို တိုးတက်များပြား လာစေပြီး၊ နိုင်ငံသားများအနေဖြင့် ၎င်းတို့တွင် ငွေကြေးပေါများလာသည်နှင့်အမျှ သုံးစွဲမှုလည်း ပိုမိုများပြားလာမည်ဖြစ်ကြောင်းနှင့် မကြာသေးမီ ရက်သတ္တပတ်များအတွင်း စီးပွားရေးအတက် အကျလက္ခဏာများ သိသိသာသာ မြင့်တက်လာကြောင်း Mr. Habeck က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

သို့ရာတွင် ပိုမိုမြင့်မားကောင်းမွန်သော တိုးတက်မှုနှုန်းများ ရရှိနိုင်ရေးအတွက်မူ ဖွဲ့စည်းပုံ ဆိုင်ရာ အပြောင်းအလဲများ ဆောင်ရွက်ရန်လိုအပ်လိမ့်မည်ဟု ၎င်းကမှတ်ချက်ချခဲ့ပါသည်။

ဖွဲ့စည်းပုံဆိုင်ရာ အပြောင်းအလဲများဟုဆိုရာတွင် ဆန်းသစ်တီထွင်မှု အားကောင်းခြင်းနှင့် လူအများ အလုပ်ပိုမိုကြိုးစား၍ ကြာရှည်လုပ်ကိုင်လိုစိတ်ရှိစေရေးအတွက် ကြီးမားသော မက်လုံးများပေး၍ မလိုအပ်သော ဗျူရိုကရေစီလမ်းစဉ်များကို လျှော့ချခြင်းတို့ ပါဝင်ကြောင်း ဖော်ပြထားပါသည်။

အစိုးရအနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း ငွေကြေးဖောင်းပွမှုနှုန်း ၂.၄ ရာခိုင်နှုန်း ဖြစ်လာရန်နှင့် ၂၀၂၅ ခုနှစ်တွင်မူ ငွေကြေးဖောင်းပွမှုနှုန်း ၁.၈ ရာခိုင်နှုန်းသို့ ကျဆင်းသွားရန် မျှော်မှန်းထား သည်ဟု Mr. Habeck က ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။

 

Source:         https://www.dw.com/en/germany-raises-2024-gdp-growth-forecast-to-03/a-68909262

(ဒေါ်သန္တာစော၊စီးပွားရေးသံမှူး၊ ဘာလင်)

Category: International News