International News

ဗီယက်နမ်နိုင်ငံ၏ ကော်ဖီထွက်ကုန်များတင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃ ဘီလီယံကျော်ရရှိ

Last Updated:

ဗီယက်နမ်နိုင်ငံ၏ ကော်ဖီတင်ပို့မှုသည် ယခုနှစ် ပထမခြောက်လအတွင်း အမေရိကန်ဒေါ်လာ ၃ ဘီလီယံကျော် ရရှိခဲ့ကြောင်း Vietnam News Agency  အွန်လိုင်းသတင်း ဖော်ပြချက်အရ သိရှိရပါသည်။

အကောက်ခွန်ဦးစီးဌာန (GSO) ၏ အချက်အလက်များအရ ယခုနှစ် ပထမနှစ်ဝက်အတွင်း ဗီယက်နမ်နိုင်ငံ၏ ကော်ဖီတင်ပို့မှုသည် တန်ချိန် ၈၆၂,၄၀၀ ရှိခဲ့ကြောင်း ပမာဏအားဖြင့် ၈ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့သော်လည်း တန်ဖိုးအားဖြင့် ၃၈ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်း ဖော်ပြထားပါသည်။

ဗီယက်နမ်နိုင်ငံ၏ ပျမ်းမျှကော်ဖီတင်ပို့မှု စျေးနှုန်းသည် မေလအတွင်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄,၂၇၅ သို့ ရောက်ရှိခဲ့ကြောင်း၊ ဧပြီလနှင့် နှိုင်းယှဉ်ပါက ၁၄ ရာခိုင်နှုန်းတိုးလာကာ တစ်နှစ်ထက်တစ်နှစ် ၆၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း ဖော်ပြထားပါသည်။ နိုင်ငံ၏ ပျမ်းမျှကော်ဖီတင်ပို့မှု စျေးနှုန်းသည် ယခုနှစ် ပထမငါးလတွင် တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၃,၄၇၅ သို့ ရောက်ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၄၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

ဇွန်လအစောပိုင်းတွင် ပြည်တွင်းဈေးကွက်၌ Robusta ကော်ဖီဈေးနှုန်းသည် မေလကုန်နှင့် နှိုင်းယှဉ်ပါက မြင့်တက်လာခဲ့ကြောင်းနှင့် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန၏ အဆိုအရ လက်ရှိပြည်တွင်းဈေးကွက်တွင် ကော်ဖီသိုလှောင်မှု အနည်းငယ်သာ ကျန်ရှိတော့ကြောင်း သိရှိရပါသည်။

မကြာသေးမီက အလယ်ပိုင်းကုန်းမြင့်တွင် ပြင်းထန်သော မိုးခေါင်ရေရှားမှုဖြစ်စေသော ရာသီ ဥတုကြောင့် လာမည့်သီးနှံနှစ်တွင် ကော်ဖီအထွက်နှုန်း ၂၀ ရာခိုင်နှုန်းခန့် ဆက်လက်ကျဆင်းနိုင်မည်ဟု ခန့်မှန်းထားသည်။

ဗီယက်နမ်ကော်ဖီကိုကိုးအသင်း (Vicofa) ၏ အဆိုအရ လက်ရှိတွင် ကော်ဖီဈေးနှုန်းများသည် သိသိသာသာ မြင့်တက်နေပြီး တင်ပို့သည့် ကော်ဖီအထွက်နှုန်း ကျဆင်းနိုင်သော်လည်း ကုန်သွယ်မှုပမာဏမှာ တိုးလာနေဆဲဖြစ်ကြောင်း သိရသည်။ Vicofa သည် ကော်ဖီတင်ပို့မှုမှ ယခုနှစ်အတွင်း အမေရိဒေါ်လာ ၄.၅ မှ ၅ ဘီလီယံခန့် ရရှိမည်ဟု မျှော်လင့်ထားကြောင်း ဖော်ပြထားပါသည်။

 

 

Source: Viet Nam News

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News