Local News

လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မေလအတွင်း ရေဘဝဲပိဿာချိန် ၇၆၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မေလအတွင်းရေဘဝဲပိဿာချိန် ၇၆၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း လပွတ္တာမြို့နယ် ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဝင်းမြတ်က ပြောပြ၍ သိရသည်။ လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်းက ရေဘဝဲပိဿာချိန် ၅၅၀၀၀ ထိသာတင်ပို့ရောင်းချနိုင်ခဲ့ပြီး မေလ ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ ‌ရေဘဝဲပိဿာချိန် ၇၆၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရသည်။

“လပွတ္တာမြို့နယ်ကနေ ရေဘဝဲအပါအဝင် ရေထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်တင်ပို့ရောင်းချနေတာဖြစ်ပါတယ်။ တင်ပို့ရောင်းချခဲ့တဲ့ရေထွက်ကုန်တွေထဲမှာ ပင်လယ်စာရေဘဝဲ ပိဿာချိန် ၇၆၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ တင်ပို့ရောင်းချခဲ့တဲ့ ရေဘဝဲတွေရဲ့ လတ်ဆတ်မှုနဲ့ အရွယ်အစားအလေးချိန်အပေါ်မူတည်ပြီး ဈေးနှုန်းအပြောင်းအလဲရှိပါတယ်။ ရေဘဝဲတွေကို လတ်တလောပင်လယ်စာ အရောင်းဆိုင်တွေက အဝယ်လိုက်နေတာကြောင့် အခုလိုတင်ပို့မှု များပြားလာတာဖြစ်ပါတယ်” ဟု လပွတ္တာမြို့နယ်ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဝင်းမြတ်ကပြောပြသည်။

လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သည့် ရေဘဝဲအသေးလက်ရှည် တစ်ကီလိုလျှင် ငွေကျပ် ၂၁၅၀၀၊ ရေဘဝဲလက်တို တစ်ကီလိုလျှင် ငွေကျပ် ၁၉၅၀၀ ပေါက်ဈေးရှိကြောင်း၊ အဆိုပါဒေသမှ ရေဘဝဲများအပြင် အခြားရေထွက်ကုန်များ အရောင်းအဝယ်ကောင်းမွန်လာခြင်းကြောင့် ရေလုပ်သားများ၊ ပွဲရုံလုပ်ငန်းရှင်များ၊ ကုန်သည်များ၊ ကုန်တင်ယာဉ်အငှားလိုက်သည့်လုပ်ငန်းရှင်များ အလုပ်အကိုင်အခွင့်အလမ်းကောင်းမွန်လျက်ရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News