International News

ဟောင်ကောင်ဒေသတွင် ပြန်လည်စတင်မည့် နေထိုင်ခွင့်ပြုမည့် (residency) အစီအစဉ်သည် ရင်းနှီးငွေ အများအပြား ရင်းနှီးမြှုပ်နှံသူများကို ဦးတည်

Last Updated:

ယခုနှစ်တွင်စတင်မည့် ပြန်လည်ပြင်ဆင်ထားသည့် လူဝင်မှုအစီအစဉ်အရ ဆန်းသစ်တီထွင်မှုနှင့် နည်းပညာကဏ္ဍတွင် လုပ်ငန်းဆောင်ရွက် နေ သည့် ဒေသခံကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံမှုအများအပြား ပြုလုပ်ထားသူများကို နေထိုင်ခွင့်(residency) ပေးသွားမည်ဖြစ်ကြောင်း ဟောင်ကောင် ဒေသအစိုးရက ပြောကြားခဲ့သည်ဟု ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၀ ရက် ထုတ် South China Morning Post  သတင်းစာတွင် “Big investors to be targeted in revamped residency scheme” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသတွင် ဆန်းသစ်တီထွင်မှုနှင့် နည်းပညာကဏ္ဍ၌ လုပ်ကိုင်နေသည့် ကုမ္ပဏီဟု တရားဝင်သတ်မှတ်ထားသည့် လုပ်ငန်းကြီးများ မရှိသောကြောင့် ထိုသို့ရင်းနှီးမြှုပ်နှံမှုအရ နေထိုင်ခွင့်ပြုသွားမည့် အစီအစဉ်တွင် မည်သို့သောကုမ္ပဏီများ ထည့်သွင်းပါဝင်မည်ကို ရှင်းရှင်း လင်းလင်းသတ်မှတ်ရန် ဥပဒေပြုအမတ်များက အစိုးရကို ဖိအားပေးနေကြောင်း ရေးသားဖော်ပြထားပါသည်။

အစိုးရအနေဖြင့် အဆိုပါနေထိုင်ခွင့် (residency) ပေးမည့် အသေးစိတ်အစီအစဉ်ကို အပြီးသတ်နေပြီဖြစ်ပြီး ဟောင်ကောင်ဒေသ ရေရှည်ဖွံ့ဖြိုး တိုးတက်မှုအတွက် မည်သို့သောပိုင်ဆိုင်မှုအမျိုးအစားကို လိုအပ်သည့် ရင်းနှီးမြှုပ်နှံမှုစာရင်းတွင် ထည့်သွင်းရမည်ကို စဉ်းစားခဲ့ကြောင်း၊ နေထိုင် ခွင့်လျှောက်ထားသူများအနေဖြင့် ရင်းနှီးမြှုပ်နှံမှုသတ်မှတ်ချက်ကို ပြည့်မီရမည်ဖြစ်ပြီး၊ ၎င်းတို့၏ ပိုင်ဆိုင်မှုများကို ထည့်သွင်းတွက်ချက်မည် မဟုတ်ကြောင်း၊ အဆိုပါ အစီအစဉ်၏ ထိရောက်မှုကို တိုင်းတာမည့် အဓိကသတ်မှတ်ချက်များကို မသတ်မှတ်ရသေးသော်လည်း၊ အစီအစဉ်၏ ထိရောက်မှုအား ပြန်လည်သုံးသပ်ရေးအစီအစဉ်တစ်ခုကို ချမှတ်ပြီး လိုအပ်သည့်ရင်းနှီးမြှုပ်နှံသူများကို နေထိုင်ခွင့်ပြုသွားနိုင်ရေး လုပ်ဆောင်သွား မည်ဖြစ်ကြောင်း ငွေတိုက်နှင့် ဘဏ္ဍာရေးဝန်ဆောင်မှုဆိုင်ရာ Undersecretary ဖြစ်သူ Joseph Chan Ho-lim က ပြောကြားခဲ့သည်ဟု ရေးသား ဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသဘဏ္ဍာရေးဝန်ကြီး Paul Chan Mo-po ကလည်း ၂၀၁၅ ခုနှစ်တွင် ရပ်ဆိုင်းထားခဲ့သည့် လူဝင်မှုအစီအစဉ်ကို ပြန်လည် စတင်မည်ဖြစ်ကြောင်း ဖေဖော်ဝါရီလအတွင်း ဘတ်ဂျက်ဆိုင်ရာမိန့်ခွန်း ပြောကြားစဉ်က ထည့်သွင်းပြောကြားခဲ့ပါသည်။ အသစ်ပြန်လည် စတင် မည့် လူဝင်မှုအစီအစဉ်အရ လူချမ်းသာများနှင့် မိသာစုများအနေဖြင့် စတော့ရှယ်ယာများ၊ ငွေချေးစာချုပ်များနှင့် ရင်းနှီးမြှုပ်နှံမှုနှင့်ဆက်နွယ်သည့် အာမခံ သို့မဟုတ် အခြားသောပိုင်ဆိုင်မှုများကို ဝယ်ယူခြင်းအားဖြင့် ဟောင်ကောင်ဒေသ၌ နေထိုင်ခွင့်ရရှိမည်ဖြစ်သော်လည်း ပစ္စည်းဥစ္စာဝယ်ယူ မှုကို ထည့်သွင်းတွက်ချက်မည်မဟုတ်ကြောင်း ရေးသားဖော်ပြထားပါသည်။

ဆန်းသစ်တီထွင်မှုနှင့် နည်းပညာကဏ္ဍသည် ကျယ်ပြန့်သောကြောင့် အစိုးရအနေဖြင့် စံချိန်စံနှုန်း သို့မဟုတ် သတ်မှတ်ချက်ပြည့်မီသည့် ဆန်းသစ် တီထွင်မှုနှင့် နည်းပညာကုမ္ပဏီများ၊ အသိအမှတ်ပြုမည့် ငွေချေးစာချုပ်များနှင့်ပတ်သက်၍ ဥပဒေပြုအမတ်များနှင့် စီးပွားရေးအသိုင်းအဝိုင်းမှ မေးခွန်းထုတ် ပြောဆိုမှုများရှိနေကြောင်း ရေးသားဖော်ပြထားပါသည်။

လိုအပ်သည့် ရင်းနှီးမြှုပ်နှံမှုအဆင့်မှာ ယခင်နေထိုင်ခွင့်ပြုမှုအစီအစဉ်တွင် သတ်မှတ်ထားသည့် ဟောင်ကောင်ဒေါ်လာ ၁၀ မီလီယံ သတ်မှတ်ချက် ကို အဆများစွာ တိုးမြှင့်သွားဖွယ်ရှိကြောင်း၊ ယွမ်ငွေဖြင့်လည်းကောင်း၊ ဟောင်ကောင်ဒေါ်လာဖြင့်လည်းကောင်း ထားရှိသည့် ပိုင်ဆိုင်မှုများလည်း အကျုံးဝင်ကြောင်း ဘဏ္ဍာရေးဝန်ကြီးက ပြောကြားခဲ့ပါသည်။ ဟောင်ကောင်ဒေသအနေဖြင့် ရင်းနှီးမြှုပ်နှံသူများ ပြောင်းရွှေ့ဝင်ရောက်လာရေး အတွက် လမ်းကြောင်းပေးရန် လိုအပ်နေသောကြောင့် နေထိုင်ခွင့်ပေးသည့်အစီအစဉ်ကို ပြန်လည်စတင်ခြင်းဖြစ်ကြောင်း ရေးသား ဖော်ပြထား ပါသည်။

အစိုးရအနေဖြင့် အဓိက ဆန်းသစ်တီထွင်မှုနှင့် နည်းပညာကုမ္ပဏီများကို အချိန်တိုအတွင်း လျှော့ပေါ့နှုန်းထားဖြင့် မြောက်ပိုင်းမြို့သစ်စီမံကိန်း တွင် မြေယာများ ခွင့်ပြုပေးရေးကဲ့သို့ ရှေ့ရေးမျှော်သည့် အတွေးအမြင်မျိုးထားရှိသင့်သည်ဟု ဥပဒေပြုအမတ်များမှ တိုက်တွန်းပြောကြား ခဲ့ကြောင်း၊ အဆိုပါ စီမံကိန်းကြီးတွင် အိမ်ရာပေါင်း ၁၈၆,၀၀၀ တည်ဆောက်သွားမည်ဖြစ်ပြီး၊ တရုတ်ပြည်မနှင့် နယ်စပ်တစ်လျှောက်တွင် အဆင့်မြင့်နည်းပညာ ဗဟိုဌာနတစ်ခု တည်ဆောက်သွားမည်ဖြစ်ကြောင်း စသည်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

 

စီးပွားရေးသံမှူး၊ဟောင်ကောင်

Category: International News