International News

ဟောင်ကောင်ဒေသ၏ ၂၀၂၄ ခုနှစ်၊ မေလအတွက် ပြင်ပကုန်သွယ်မှု စာရင်းဇယား ထုတ်ပြန်

Last Updated:

၂၀၂၄ ခုနှစ်၊ မေလအတွင်း ဟောင်ကောင်ဒေသ၏ ပို့ကုန်/သွင်းကုန်တန်ဖိုးများ အသီးသီး မြင့်တက်ခဲ့ပြီး စုစုပေါင်း ပို့ကုန်တန်ဖိုး ၁၄.၅၈ ရာခိုင်နှုန်း၊ ဟောင်ကောင်ဒေါ်လာ ၃၇၅.၉ ဘီလီယံ အထိ မြင့်တက်လာခဲ့ပြီး၊ သွင်းကုန်တန်ဖိုး ၉.၆ ရာခိုင်နှုန်း၊ ဟောင်ကောင်ဒေါ်လာ ၃၈၈.၁ ဘီလီယံ တိုးမြင့်ရောက်ရှိခဲ့ကာ ကုန်သွယ်မှုလိုငွေ ဟောင်ကောင်ဒေါ်လာ ၁၂.၁ ဘီလီယံ ရှိခဲ့သည်ဟု သန်းခေါင်စာရင်းနှင့် စာရင်းအင်းဌာနမှ ထုတ်ပြန်သည့် ကုန်သွယ်မှုဆိုင်ရာ အချက်အလက် များတွင် ဖော်ပြထားပါသည်။

၂၀၂၄ ခုနှစ် ပထမငါးလအတွင်း စုစုပေါင်း ပို့ကုန်တန်ဖိုးသည် ၂၀၂၃ ခုနှစ် အလားတူကာလ ထက် ၁၂.၅ ရာခိုင်နှုန်း၊ သွင်းကုန်တင်သွင်းမှုတန်ဖိုး ၇.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ကုန်သွယ်မှု လိုငွေ ဟောင်ကောင်ဒေါ်လာ ၁၀၅.၂ ဘီလီယံရှိခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

နိုင်ငံ/ ဒေသအလိုက် ပို့ကုန် တင်ပို့မှုအနေဖြင့် ၂၀၂၄ ခုနှစ်၊ မေလအတွင်း ဟောင်ကောင်ဒေသမှ အာရှဒေသသို့ ပို့ကုန်တင်ပို့မှုသည် ၂၀၂၃ ခုနှစ်၊ အလားတူကာလထက် ၁၈.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါသည်။ အာရှဒေသအတွင်း၌ ဟောင်ကောင်ဒေသ၏ အဓိကပို့ကုန် ဈေးကွက်များ ဖြစ်သည့် မလေးရှား (၅၀.၂  ရာခိုင်နှုန်း) ၊ ဗီယက်နမ် (၃၁.၅ ရာခိုင်နှုန်း)၊ တရုတ်ပြည်မ (၂၃.၆ ရာခိုင်နှုန်း)၊ ထိုင်းနိုင်ငံ (၂၃.၄ ရာခိုင်နှုန်း) နှင့် ဖိလစ်ပိုင်နိုင်ငံ (၁၈.၉ ရာခိုင်နှုန်း) တို့သို့ ပို့ကုန်တင်ပို့မှု တန်ဖိုးမြင့်တက်ခဲ့ပြီး၊ ပို့ကုန် တန်ဖိုးကျဆင်းသည့် နိုင်ငံ/ဒေသများမှာ အိန္ဒိယ (-၁၆.၁ ရာခိုင်နှုန်း) တို့ဖြစ်ပါသည်။

ဟောင်ကောင်ဒေသ၏ အာရှဒေသပြင်ပအဓိကပို့ကုန်တင်ပို့ရာဒေသများအနက် အမေရိကန် (၂၆.၆  ရာခိုင်နှုန်း) သို့ စုစုပေါင်း ပို့ကုန်တင်ပို့မှုတန်ဖိုး မြင့်တက်ခဲ့ပြီး၊  ဆွစ်ဇာလန် (-၂၅.၇ ရာခိုင်နှုန်း) နှင့် နယ်သာလန် (-၁၃.၃ ရာခိုင်နှုန်း) တို့သို့ စုစုပေါင်းတင်ပို့မှုတန်ဖိုး ကျဆင်းခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

သွင်းကုန်တင်သွင်းမှုအပိုင်းတွင် ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၀၂၄ ခုနှစ်၊ မေလအတွင်း သွင်းကုန်တန်ဖိုး မြင့်တက်ခဲ့ပြီး ဟောင်ကောင်ဒေသ၏ အဓိက သွင်းကုန်တင်သွင်း ရာ နိုင်ငံ/ဒေသများဖြစ်သည့် ကိုရီးယား (၅၉.၆ ရာခိုင်နှုန်း)၊ ဗီယက်နမ်နိုင်ငံ (၄၉.၈ ရာခိုင် နှုန်း)၊ စင်ကာပူ (၃၃.၈ ရာခိုင်နှုန်း) ၊ ထိုင်းနိုင်ငံ (၁၄.၁ ရာခိုင်နှုန်း)၊ အိန္ဒိယ (၁၃.၈ ရာခိုင် နှုန်း)နှင့် တရုတ် ပြည်မ (၉.၅ ရာခိုင်နှုန်း) တို့မှသွင်းကုန်တင်သွင်းမှုတန်ဖိုး မြင့်တက်ခဲ့ပါသည်။ သို့သော် အမေရိကန် (-၄.၈ ရာခိုင်နှုန်း)နှင့် ထိုင်ဝမ် (-၄.၅ ရာခိုင်နှုန်း) တို့မှ သွင်းကုန်တင်သွင်းမှုတန်ဖိုး ကျဆင်းခဲ့ပါသည်။

ကုန်စည်အလိုက် ပို့ကုန်/သွင်းကုန် အတက်အကျအနေဖြင့် ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၀၂၄ ခုနှစ် မေလအတွင်း ဟောင်ကောင်ဒေသ၏ အဓိကကုန်စည်အုပ်စုများ၏ ပို့ကုန်တန်ဖိုး မြင့်တက်ခဲ့ပြီး အထူးသဖြင့် "electrical machinery, apparatus and appliances, and electrical parts thereof" မှာ ပို့ကုန်တန်ဖိုး (၁၆.၃ ရာခိုင်နှုန်း) ဟောင်ကောင်ဒေါ်လာ ၂၄.၇ ဘီလီယံနှင့် "office machines and automatic data processing machines"  ပို့ကုန်တန်ဖိုး (၄၃.၄ ရာခိုင်နှုန်း) ဟောင်ကောင်ဒေါ်လာ ၇.၃ ဘီလီယံ မြင့်တက်ခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

သွင်းကုန်တင်သွင်းမှုအနေဖြင့် ဟောင်ကောင်ဒေသ၏ အဓိက သွင်းကုန်အုပ်စုများ၏ တင်သွင်းမှုတန်ဖိုး မြင့်တက်ပါသည်။ အထူးသဖြင့် "electrical machinery, apparatus and appliances, and electrical parts thereof" မှာ ပို့ကုန်တန်ဖိုး (၁၀.၇ ရာခိုင်နှုန်း) ဟောင်ကောင်ဒေါ်လာ ၁၆.၅ ဘီလီယံ မြင့်တက်လာပြီး၊ "office machines and automatic data processing machines" ပို့ကုန်တန်ဖိုး (၃၀.၄ ရာခိုင်နှုန်း) ဟောင်ကောင်ဒေါ်လာ ၇.၃ ဘီလီယံ မြင့်တက်ခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

ယခင်နှစ် စာရင်းဇယားများနှင့် နှိုင်းယှဉ်ပါက ၂၀၂၄ ခုနှစ်၊ မေလအတွင်း ဟောင်ကောင်ဒေသ ၏ ပို့ကုန်တင်ပို့မှုတန်ဖိုး ပိုမိုတိုးတက်လာကြောင်း၊ တရုတ်ပြည်မနှင့် အမေရိကန် တင်ပို့မှု  သိသိသာသာမြင့်တက်ခြင်း၊ ဥရောပသမဂ္ဂနှင့်  အာရှဒေသရှိ အဓိက ဈေးကွက်များသို့ တင်ပို့မှုများ  မြင့်တက်လျက်ရှိသည်ဟု အစိုးရပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

ပြင်ပဈေးကွက်များ ဝယ်လိုအားဆက်လက်ကောင်းမွန်နေမည်ဆိုပါက ဟောင်ကောင်ဒေသ ပို့ကုန်တင်ပို့နိုင်မှု အလားအလာကောင်းသော်လည်း ပထဝီနိုင်ငံရေးတင်းမာမှုများကြောင့် ဒေသ ၏ ပို့ကုန်တင်ပို့မှုအပေါ် မရေရာမှုများ ဖြစ်စေလာစေမည်ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း စသည်ဖြင့် ရေးသားဖော်ပြထားပါသည်။

      

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: International News