International News

အရှေ့တောင်အာရှတွင် လျှပ်စစ်ကားများ ရောင်းချရာ၌ Vinfast သည် ဒုတိယနေရာသို့ ရောက်ရှိ

Last Updated:

ဗီယက်နမ်နိုင်ငံမှ ထုတ်လုပ်သည့် လျှပ်စစ်ကား Vinfast သည် အရှေ့တောင်အာရှတွင် ဒုတိယ ရောင်းအားအကောင်းဆုံးဖြစ်ကြောင်း VN Express International အွန်လိုင်းသတင်း ဖော်ပြချက်အရ သိရှိရပါသည်။

Counterpoint Research ၏အဆိုအရ ဒေသတွင်း၌ EV ရောင်းအားသည် ဇန်နဝါရီမှ မတ်လအတွင်း နှစ်ဆကျော် တိုးလာခဲ့ကြောင်း၊ ICE ကားများ ရောင်းချမှုမှာ ၇ ရာခိုင်နှုန်း ကျဆင်း သွားကြောင်း သိရှိရပါသည်။

ဗီယက်နမ်နိုင်ငံမှ ထုတ်လုပ်သည့် BEV (Battery Electric vehicle) ရောင်းအားသည် ၄၀၀ ရာခိုင်နှုန်းကျော်တက်လာပြီး ဒေသတွင်း ရောင်းအား၏ ၁၇ ရာခိုင်နှုန်းနီးပါးကို ပံ့ပိုးပေးခဲ့ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နှင့်ကိုရီးယား ကားထုတ်လုပ်သူများအနေဖြင့် သမားရိုးကျကားရောင်းအားကို ပိုမိုအား ထားလျက်ရှိပြီး EV ကားထုတ်လုပ်မှုနောက်ကျလျက်ရှိသည့်အတွက် တရုတ်နိုင်ငံ၏ OEM သည် အဆိုပါကွက်လပ်ကို ဖြည့်ဆည်းရန် ခြေလှမ်းပြင်လျက်ရှိကြောင်း Counterpoint မှ လေ့လာသုံးသပ်သူ Abhik Mukherjee ကပြောကြားခဲ့ပါသည်။

ဒေသတွင်း EV ရောင်းချမှု၏ ၇၀ ရာခိုင်နှုန်း ကျော်သည် BYD ဦးဆောင်သော တရုတ်အမှတ်တံဆိပ်များဖြစ်ကြောင်း၊ ယခင်နှစ် ပထမသုံးလပတ်တွင် အရှေ့တောင်အာရှတွင် ရောင်းချ သည့် EV များအားလုံး၏ ၇၅ ရာခိုင်နှုန်းကို တရုတ်ကားထုတ်လုပ်သူများမှ ထုတ်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ EV ထုတ်လုပ်မှု စက်ရုံသစ်များ တည်ထောင်ရန် တရုတ်ကားထုတ်လုပ်သူများက အရှေ့တောင်အာရှ၏ ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံတွင် အမေရိကန် ဒေါ်လာ ၁.၄၄ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံထားကြောင်းဖော်ပြထားသည်။

ဂျပန်နိုင်ငံ၏ အမှတ်တံဆိပ်နှစ်ခုဖြစ်သည့် Toyota Motor နှင့် Honda Motor တို့သည် အရှေ့တောင်အာရှတွင် EV ရောင်းချမှုအားလုံး၏ ၅၅ ရာခိုင်နှုန်းရှိပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၄၄ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း ဖော်ပြထားပါသည်။

အမေရိကန်လျှပ်စစ်ကားထုတ်လုပ်သူ Tesla သည် ဒေသတွင်း၌ ၎င်း၏စျေးကွက်ဝေစုကို ပထမသုံးလပတ်တွင် ၂ ရာခိုင်နှုန်းမှ ၄ ရာခိုင်နှုန်းထိ ကျဆင်းသွားသည်ကို မြင်တွေ့ခဲ့ရသော် လည်း အလားတူကာလတွင်  Tesla ၏ရောင်းအား ၃၇ ရာခိုင်နှုန်း တိုးလာခဲ့သည်။

ထိုင်းနှင့် အင်ဒိုနီးရှားတို့ အပါအဝင် အရှေ့တောင်အာရှနိုင်ငံ အများအပြားသည် လျှပ်စစ်ကားများဝယ်ယူမှု အားပေးရန်နှင့် ရင်းနှီးမြှုပ်နှံမှုအသစ်များကို ဆွဲဆောင်ရန် မက်လုံးများထုတ်လာမှုကြောင့် အရှေ့တောင်အာရှသည် တရုတ် OEMs များအတွက် အဓိကချဲ့ထွင်ရာ ဒေသဖြစ် လာကြောင်း ဖော်ပြထားပါသည်။

 

 

Source: VN Express International

(စီပွားရေးသံမှူး ၊ ဗီယက်နမ်)

Category: International News