International News

တရုတ်နိုင်ငံ၏ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) စီးဝင်မှုသည် ပထမငါးလအတွင်း ယွမ် (၄၁၂.၅) ဘီလီယံအထိ ရောက်ရှိခဲ့

Last Updated:

တရုတ်နိုင်ငံပြည်မကြီး၌ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) သည် ၂၀၂၄ ခုနှစ်၊ ပထမငါးလအတွင်း စုစုပေါင်း ယွမ်ငွေ (၄၁၂.၅) ဘီလီယံ (အမေရိကန်ဒေါ်လာ ၅၇.၉၄ ဘီလီယံခန့်) ရှိခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရှိရသည်ဟု Xinhua news ၌ ဖော်ပြထားပါသည်။

အဆိုပါပမာဏသည် ယမန်နှစ် အလားတူကာလထက် (၂၈.၂) ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း ဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားပါသည်။ FDI စီးဝင်မှုကျဆင်းခဲ့သော်လည်း အစီရင်ခံကာလတွင် တရုတ်နိုင်ငံတစ်ဝှမ်းတွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု လုပ်ငန်းသစ် (၂၁,၇၆၄) ခုကို တည်ထောင်ခဲ့ပြီး (၁၇.၄) ရာခိုင်နှုန်း တိုးလာကြောင်း ကိန်းဂဏန်းများအရ သိရှိရသည်ဟု ဖော်ပြထားပါသည်။

လက်တွေ့တွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုပမာဏသည် မြင့်မားနေဆဲဖြစ်ကြောင်း၊ လွန်ခဲ့သည့်နှစ်က နှိုင်းယှဉ်မှုပမာဏမြင့်မားခြင်းကြောင့် ကျဆင်းသွားသည့်သဘောသာဖြစ်ကြောင်း ဝန်ကြီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ကုန်ထုတ်လုပ်မှုကဏ္ဍ၌ စုစုပေါင်း FDI ဝင်ရောက်မှု၏ (၂၈.၄) ရာခိုင်နှုန်း (သို့မဟုတ်) ယွမ် (၁၁၇.၁) ဘီလီယံဝင်ရောက်ခဲ့ပြီး ယခင်နှစ် အလားတူကာလထက် (၂.၈) ရာခိုင်နှုန်း မြင့်တက်လာကာ ရင်းနှီးမြှုပ်နှံမှုတွင် ဆက်လက်တိုးတက်မှုကို ညွှန်ပြနေကြောင်း ဖော်ပြထားပါသည်။

စမတ်လူသုံးကိရိယာများ ထုတ်လုပ်ရေးနှင့် ပရော်ဖက်ရှင်နယ် နည်းပညာဝန်ဆောင်မှုများ အတွင်းသို့ FDI ဝင်ရောက်မှုမှာ တစ်နှစ်ထက်တစ်နှစ် (၃၃၂.၉) ရာခိုင်နှုန်းနှင့် (၁၀၃.၁) ရာခိုင်နှုန်း အသီးသီး တိုးလာခဲ့ကြောင်း သိရှိရပါသည်။

ဂျာမနီနှင့် စင်္ကာပူနိုင်ငံတို့မှ FDI သည် တစ်နှစ်ထက်တစ်နှစ် (၂၄.၂) ရာခိုင်နှုန်းနှင့် (၁၆.၂) ရာခိုင်နှုန်း အသီးသီး တိုးလာကြောင်း ဝန်ကြီးဌာနက ထုန်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

လက်ရှိတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏ မျှော်မှန်းချက်နှင့် ယုံကြည်ချက်သည် ယေဘုယျအားဖြင့် တည်ငြိမ်နေကြောင်း၊ တရုတ်နိုင်ငံရှိ အမေရိကန်၊ ဥရောပနှင့် ဂျပန်ကုမ္ပဏီများ အားလုံး၏ လေးပုံသုံးပုံကျော်သည် ၎င်းတို့၏ လုပ်ငန်းကို ဆက်လက်လုပ်ဆောင်ရန် စီစဉ်နေ ကြောင်း နိုင်ငံခြားကုန်သည်ကြီးများအသင်းမှ စစ်တမ်းရလဒ်ကို ကိုးကား၍ တာဝန်ရှိသူက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

တရုတ်နိုင်ငံသည် ယခုနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန် မူဝါဒများစွာကို ချမှတ်ခဲ့ကြောင်း၊ မတ်လတွင် အစိုးရသည် စျေးကွက်ဝင်ရောက်မှုချဲ့ထွင်ရေး၊ တန်းတူယှဉ်ပြိုင်နိုင်မှုကို မြှင့်တင်ရေးနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာအချက်များ စီးဆင်းမှုကို လွယ်ကူချောမွေ့စေရေး အစီအမံများ အပါအဝင် အစီအမံ (၂၄) ခုကို အဆိုတင်သွင်းခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ မူဝါဒသစ်များနှင့် အစီအမံများ အသက်ဝင်သည်နှင့်အမျှ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်သည် ပိုမိုအဆင်ပြေလာမည်ဖြစ်ကြောင်း အဆိုပါအရာရှိက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

 

 

Source: https://english.news.cn/20240621/5763620c07c74069a556afc176d2516d/c. html

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: International News