International News

မလေးရှားနိုင်ငံမှ လတ်ဆတ်သော ဒူးရင်းသီးများ နောက်ဆုံးတွင် တရုတ်နိုင်ငံသို့ ဈေးကွက်ဝင်ရောက်လာနိုင်ပြီဖြစ်

Last Updated:

တရုတ်ဝန်ကြီးချုပ် Li Qiang သည် မလေးရှားဝန်ကြီးချုပ် Anwar Ibrahim နှင့် ဇွန်လ (၁၉) ရက်နေ့ကတွေ့ဆုံဆွေးနွေးခဲ့ပြီး၊ တရုတ်နှင့်မလေးရှား နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်ခြင်း နှစ် (၅၀) ပြည့်အခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့နှင့် မလေးရှားစိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးဝန်ကြီးဌာနတို့ အကြား မလေးရှားနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်သွင်းလာသော လတ်ဆတ်သော ဒူးရင်းသီးများ ပိုးမွှားကင်းရှင်းကြောင်း လိုအပ်ချက်ဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရှိရပါသည်။

မလေးရှားစိုက်ပျိုးရေးဝန်ကြီး Mohamad Sabu က အဆိုပါသဘောတူညီချက်ကို လက်မှတ်ရေးထိုးခြင်းသည် မလေးရှားနိုင်ငံမှ လတ်ဆတ်သော ဒူးရင်းသီးများအတွက် တရုတ် ဈေးကွက်ကို ဖွင့်လှစ်ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

Mohd Sabu သည် လာမည့် (၅) နှစ်မှ (၆) နှစ်အတွင်း တရုတ်နိုင်ငံသို့ တင်ပို့ရန်အတွက် ဒူးရင်းသီးအမြောက်အမြား တိုးချဲ့စိုက်ပျိုးရန် ဒေသခံတောင်သူများအား တိုက်တွန်းခဲ့ကြောင်း သိရှိရပါသည်။ တရုတ်နိုင်ငံသည် မလေးရှားဒူးရင်းသီး တင်ပို့မှုဈေးကွက်ဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် ရင်းဂစ် (၈၈၇) သန်း (ယွမ် ၁.၃၇ ဘီလီယံခန့်) တင်သွင်းခဲ့ကြောင်း သိရှိရပါသည်။

မလေးရှားမီဒီယာများ၏ ဖော်ပြချက်အရ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးဝန်ကြီး ဌာန၏ ပို့ကုန်လမ်းညွှန်ချက်များ ထုတ်ပြန်မှုကို စောင့်ဆိုင်းနေပြီး လတ်ဆတ်သော ဒူးရင်းသီးများ တရားဝင် တင်ပို့ခြင်းကို ဆိုင်းငံ့ထားဆဲဖြစ်ကြောင်း၊ မလေးရှားနိုင်ငံတွင် ဒူးရင်းရာသီစတင်ခဲ့ သော်လည်း လတ်ဆတ်သော ဒူးရင်းသီးများကို တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့ခြင်း မရှိသေး သောကြောင့် ဝယ်ယူသူများသည် ဒူးရင်းသီးကို နိုက်ထရိုဂျင်အရည်နည်းပညာဖြင့် ပြုပြင်၍ တရုတ်ဈေးကွက်သို့ တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။

မလေးရှားဒူးရင်းသီးထုတ်လုပ်သူများအသင်းဥက္ကဋ္ဌ Chen Yikang က မူလနိုက်ထရိုဂျင် အရည်ဖြင့် ပြုပြင်ထားသည့် ဒူးရင်းသီးတင်ပို့မှုနှင့် မတူညီသောကြောင့် လတ်ဆတ်သော ဒူးရင်းသီးတင်ပို့မှုမှာ သီးခြားလိုင်စင်ရှိရမည်ဟု ပြောကြားခဲ့ကြောင်း၊ စက်မှုလုပ်ငန်းကွင်းဆက်အတွက် ပြင်ဆင်ထားသော်လည်း ပို့ကုန်ကိစ္စများကို တရားဝင်ဆောင်ရွက်ခြင်းမပြုမီ စိုက်ပျိုးရေးဝန်ကြီးဌာနက အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ကြေညာရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

လိုင်စင်လျှောက်ထားမှုမပြုလုပ်မီ သက်ဆိုင်ရာအာဏာပိုင်များ၏ ကြေညာချက်ကို စောင့်ဆိုင်းလျက်ရှိကြောင်း၊ နှစ်နိုင်ငံစလုံးက တရုတ်နိုင်ငံသို့ လတ်ဆတ်သော ဒူးရင်းသီးများ တင်ပို့ရောင်း ချနိုင်မည်ဟု ကြေညာပြီးနောက် ၎င်းအနေဖြင့် တရုတ်ဝယ်လက်များထံမှ လတ်ဆတ်သော ဒူးရင်းသီးများကို လေကြောင်းဖြင့် ဝယ်ယူရန် ကမ်းလှမ်းမှုများလည်း လက်ခံရရှိထားကြောင်း ၎င်းက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

ဒူးရင်းသီးစိုက်ပျိုးသူများ၏ ပြောကြားချက်အရ မလေးရှားနိုင်ငံမှ ဒူးရင်းသီးကို သဘာဝအတိုင်း ရင့်မှည့်ခြင်းနှင့် သစ်ပင်ပေါ်မှ ကြိုတင်ခူးဆွတ်ခြင်း ပုံစံနှစ်မျိုးဖြင့် တရုတ်နိုင်ငံသို့ တင်ပို့မည်ဖြစ်ကြောင်း၊ ပထမနည်းမှာ တရုတ်နိုင်ငံသို့ အချိန်တိုတိုအတွင်း ရောက်ရှိရန် အရေးကြီးပြီး ကြိုတင်ခူးဆွတ်ခြင်းသည် နည်းပညာပိုင်းအရေးကြီးကြောင်း သိရှိရပါသည်။

ယခုအခါ မလေးရှားနိုင်ငံ၏ ဒူးရင်းလုပ်ငန်းကွင်းဆက်သည် တရုတ်နိုင်ငံသို့ လတ်ဆတ်သော ဒူးရင်းသီးများ တင်ပို့ရန်အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် လမ်းညွှန်မှုကိုစောင့်ဆိုင်းနေရုံသာ ဖြစ်ကြောင်း သိရှိရပါသည်။

 

 

Source: https://www.nst.com.my/news/nation/2024/06/1065685/malaysia-can-now-export-fresh-durians-china-watch

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: International News