International News

အိန္ဒိယ-အာဆီယံ လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက် ပြန်လည်သုံးသပ်ရေး ဆွေးနွေးပွဲကို ဖေဖော်ဝါရီတွင် ပြုလုပ်မည်

Last Updated:

အိန္ဒိယ-အာဆီယံ လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်အတွက် ပြန်လည် သုံးသပ်ခြင်း အစည်းအဝေးကို လာမည့်နှစ် ဖေဖော်ဝါရီလတွင် ကျင်းပမည်ဖြစ်ကြောင်း နှင့် စတုတ္ထအကြိမ် ညှိနှိုင်းဆွေးနွေးပွဲကို ယခုလတွင် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း   တရားဝင်ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်ကို တွေ့ရှိရသည်။

အိန္ဒိယ-အာဆီယံ လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက် AITIGA (Asean India Trade in Goods Agreement) ကို ပြန်လည်သုံးသပ်ခြင်းသည် အာဆီယံဒေသနှင့် ကုန်သွယ်မှုကို ရေရှည်တည်တံ့သောပုံစံဖြင့် မြှင့်တင်ရန်ခြေလှမ်းသစ်တစ်ခုဖြစ်ကြောင်း ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပြောကြားခဲ့သည်။ AITIGA ပူးတွဲကော်မတီ၏နောက်ထပ်အစည်းအဝေးကို အင်ဒို နီးရှားနိုင်ငံ၊ ဂျကာတာတွင် ၂၀၂၅ ခုနှစ်ဖေဖော်ဝါရီလတွင်ပြုလုပ်ရန်စီစဉ်ထားသည် ဟု၎င်းက ဆိုသည်။

AITIGA ပူးတွဲကော်မတီအောက်တွင် သက်ဆိုင်သည့် ကဏ္ဍများကို ညှိနှိုင်းရန် ဆပ် ကော်မတီ ၈ ခုရှိပြီး ၎င်းတို့မှာ  စျေးကွက်ဝင်ရောက်မှု၊ ပင်ရင်းနိုင်ငံစည်းမျဉ်းများ၊ စံချိန်စံညွှန်း များနှင့် နည်းပညာဆိုင်ရာစည်းမျဉ်းများ၊ အကောက်ခွန်လုပ်ထုံးလုပ်နည်းများ၊ စီးပွားရေးနှင့် နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်မှု၊ ကုန်သွယ်မှုဆိုင်ရာကုစားမှုများ၊ ဥပဒေနှင့် အဖွဲ့အစည်း ဆိုင်ရာ ပြဋ္ဌာန်းချက်များ ပါဝင်ကြောင်း သိရှိရသည်။

အာဆီယံအဖွဲ့အနေဖြင့် အိန္ဒိယ၏ အဓိကကုန်သွယ်ဖက်များထဲမှ တစ်ခုဖြစ်ပြီး အိန္ဒိယ၏ ကမ္ဘာ့ကုန်သွယ်မှုတွင် ရှယ်ယာ ၁၁ ရာခိုင်နှုန်းခန့်ပါဝင်ကြောင်းနှင့် အိန္ဒိယနှင့် အာဆီယံကုန်သွယ် မှုသည် ၂၀၂၃-၂၄ ခုနှစ်တွင်  အမေရိကန်ဒေါ်လာ ၁၂၁ ဘီလီယံရှိပြီး ယခုနှစ်ဧပြီလမှ အောက် တိုဘာလအတွင်း ၅.၂ % တိုးတက်ခဲ့ကြောင်း သိရှိရသည်။

AITIGA ကို 2009 ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး ယင်းအား ပြန်လည်သုံးသပ် ခြင်းသည် အိန္ဒိယစီးပွားရေးလုပ်ငန်းများ၏ ကာလရှည်ကြာ လိုအပ်ချက်တစ်ခုဖြစ်ကြောင်း၊  ကုန် သွယ်မှုဆိုင်ရာ အတားအဆီးများနှင့် ယင်းစာချုပ်ကို အလွဲသုံးစားလုပ်မှုများ ပပျောက်ရေး အ တွက် သဘောတူညီချက်အား ပြန်လည်သုံးသပ်ရန် အိန္ဒိယက တောင်းဆိုထားကြောင်း သိရှိ ရသည်။

မြန်မာနိုင်ငံအနေဖြင့်လည်း အိန္ဒိယနိုင်ငံနှင့် ကုန်သွယ်မှုဆောင်ရွက်ရာတွင် AITIGA ပါ ခံစားခွင့်များကို ရယူဆောင်ရွက်လျက်ရှိရာ လက်ရှိမြန်မာနိုင်ငံမှ ပို့ကုန်ပစ္စည်းများဖြစ်သည့် ကွမ်းသီးကဲ့သို့သော ပို့ကုန်များအပေါ်တွင် အခွန်နှုန်းထားမြင့်မားစွာကောက်ခံခြင်းတို့ကို ဖယ်ရှား ပေးနိုင်ရေးနှင့် အခြားသောပို့ကုန်ပစ္စည်းများတင်ပို့ရာတွင်ကြုံတွေ့နေရသော ကုန်သွယ်မှုဆိုင်ရာ အတားအဆီးများကို ဖယ်ရှားနိုင်ရေး ယင်းအစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးနိုင်ရန် ကြိုတင် ပြင်ဆင်ဆောင်ရွက်သင့်ပါကြောင်း သိရှိရပါသည်။

Source: Next round of India-Asean trade agreement review talks in Feb, The Economic Times, 23 November, 2024.

စီးပွားရေးသံမှူး၊ နယူးဒေလီမြို့

Category: International News