International News

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရပ်နားထားခဲ့ရသည့် ထိုင်းနိုင်ငံမှ ဘယ်လ်ဂျီယံနိုင်ငံသို့ တိုက်ရိုက် ပျံသန်းမည့် လေကြောင်းလိုင်းကို Thai Airways International (THAI) က ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် စတင်ပျံသန်းသွားရန်ရှိ

Last Updated:

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၄ နှစ်ကြာ ရပ်နားထားခဲ့ရသည့် ထိုင်းနိုင်ငံမှ ဘယ်လ်ဂျီယံနိုင်ငံ သို့ တိုက်ရိုက်ပျံသန်းမည့် လေကြောင်းလိုင်းကို ဒီဇင်ဘာလ ၁ ရက်နေ့တွင် စတင်ပျံသန်းသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

နှစ်နိုင်ငံအကြား ၄ နှစ်ကြာ တိုက်ရိုက်လေကြောင်းလိုင်း မရှိသော်ငြားလည်း ထိုင်းနိုင်ငံသည် ဘယ်လ်ဂျီယံနိုင်ငံသားများအကြား ပိတ်ရက်လည်ပတ်ရာနေရာအဖြစ် ထင်ရှားနေဆဲဖြစ်ကြောင်း၊ တိုက်ရိုက်လေကြောင်းလိုင်း ပြန်လည်ပြေးဆွဲပေးမှုကြောင့် ဘယ်လ်ဂျီယံခရီးသွားများသည် ကပ် ရောဂါ မတိုင်ခင်ကာလ ကိန်းဂဏန်းထက်ပင်ကျော်လွန်နိုင်ကြောင်း၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်ရေးအတွက် ဘယ်လ်ဂျီယံတွင် စီးပွားရေးလုပ်ငန်းလုပ်ကိုင်လိုသည့် ထိုင်းနိုင်ငံသားများ အတွက် ဗီဇာလျှောက်ထားမှုဆိုင်ရာ မြန်ဆန်သော လမ်းကြောင်း (Fast Track) ကို နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာပေးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ ဘယ်လ်ဂျီယံသံအမတ်ကြီး H.E Mr. Skander Nasra က ပြောကြားခဲ့ပါသည်။

ဘယ်လ်ဂျီယံသို့ တိုက်ရိုက်လေကြောင်းလိုင်း ပြန်လည်ပြေးဆွဲမှုသည် ထိုင်းနိုင်ငံကို ကမ္ဘာ့ကျန် နေရာများနှင့် ပိုမိုနီးကပ်စေမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံ သာမက အာဆီယံနှင့် ဥရောပသမဂ္ဂတို့အကြား စီးပွားရေးကို အကျိုးကျေးဇူးရှိစေမည့် ဥရောပသမဂ္ဂ-ထိုင်း လွတ်လပ်သော ကုန်သွယ်ရေး သဘောတူ စာချုပ် အပြီးသတ်နိုင်ရေးကိုလည်း မျှော်လင့်ထားပါကြောင်း သံအမတ်ကြီးက ဖြည့်စွက်ပြောကြားခဲ့ သည်။

ထိုင်းအလံလွှင့်ထူထားသော လေယာဉ်သည် ဒီဇင်ဘာလ ၁ ရက်နေ့မှ စ၍ ဘရပ်ဆဲလ်သို့ နေ့စဉ် ပျံသန်းသွားမည်ဖြစ်ပြီး ဘိုးအင်း 787 Dreamliner လေယာဉ်ကို အသုံးပြုသွားမည်ဖြစ်ကြောင်း၊ လေကြောင်းလိုင်းပြန်လည်စတင်ခြင်းသည် နှစ်နိုင်ငံ ဆက်ဆံရေးကို တိုးမြှင့်မည့် ကတိကဝတ်အထိမ်း အမှတ်ဖြစ်ရုံသာမက ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုများအတွက် အခွင့်အလမ်းသစ် များကို ရှာဖွေတိုးမြှင့်ရာလည်းရောက်ပါကြောင်း၊ ၂၀၁၉ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ် ခဲ့သည့် ဘယ်လ်ဂျီယံခရီးသွား ၁၁၄,၀၁၆ ဦးရှိခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် တိုက်ရိုက်လေကြောင်းလိုင်း မရှိ သဖြင့် ခရီးသွားအရေအတွက်မှာ ၈၅,၅၁၂ ဦးသို့ ကျဆင်းခဲ့ပါကြောင်း၊ ခရီးစဉ် ပြန်လည်ပြေးဆွဲသဖြင့် နှစ်ကုန်ပိုင်းတွင် ဘယ်လ်ဂျီယံခရီးသွား ၁၀၀,၀၀၀ ထက်ကျော်လွန်နိုင်မည်ဟု ခန့်မှန်းထားကြောင်း THAI လေကြောင်းလိုင်း CEO Mr. Chai Eamsiri က သုံးသပ်ပြောကြားခဲ့ပါသည်။

 

Source: www.bangkokpost.com

စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News