International News

အမေရိကန်-ဗီယက်နမ်နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာပူးပေါင်းဆောင်ရွက်မှုနှင့် စီးပွားရေးဆွေးနွေးမှုကို ပထမအကြိမ်ကျင်းပပြုလုပ်ခဲ့

Last Updated:

အမေရိကန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီးပွားရေးတိုးတက်မှု၊ စွမ်းအင်နှင့် သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ Under Secretary Mr. Jose W. Fernandez နှင့် ဗီယက်နမ်နိုင်ငံ၊ စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး Mr. Nguyen Chi Dung တို့သည် ပထမအကြိမ် အမေရိကန်-ဗီယက်နမ်နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှုနှင့် စီးပွားရေးဆွေးနွေးမှု (First U.S. – Vietnam Comprehensive Strategic Partnership Economic Dialogue – CSPED) ကို ၂၅-၆-၂၀၂၄ ရက်တွင် အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့၌ ကျင်းပခဲ့ပါသည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ၌ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်၏ ဗီယက်နမ်ခရီးစဉ်အတွင်း နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရန်အတွက် ဘက်စုံမဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု (Comprehen sive Strategic Partnership) အစီအစဉ်နှင့် ပတ်သက်၍ နှစ်နိုင်ငံကိုယ်စားလှယ်များက ဂုဏ်ပြုကြောင်း ပြောကြားခဲ့ကြပြီး Under Secretary Mr. Jose W. Fernandez နှင့် ဝန်ကြီး Mr. Nguyen Chi Dung တို့သည် နှစ်နိုင်ငံအကြား Semiconductor စက်မှုလုပ်ငန်းများအတွက် ကုန်ထုတ်လုပ်မှုထောက်ပံ့ရေး ကွင်းဆက်များတိုးချဲ့သွားရန်၊ ဗီယက်နမ်နိုင်ငံ အလုပ်သမားများအား အဆင့်မြင့်နည်းပညာအသုံးပြုနိုင်သော လုပ်သားထုဖြစ်လာစေရေး ပံ့ပိုးကူညီသွားရန်၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ ကူးပြောင်းခြင်းနှင့် ရာသီဥတုပြောင်းလဲမှုကို လျှော့ချနိုင်သည့် ကြိုးပမ်းမှုများ အကောင်အထည်ဖော်ရန်၊ အရေးကြီးသည့် တွင်းထွက်သတ္တုများ (Critical minerals) ကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်ရန်၊ ကုန်သွယ်ရေးနှင့် နိုင်ငံတကာဘဏ္ဍာရေးကဏ္ဍတို့ရှိ လုံခြုံရေးအန္တရာယ်ကို နှစ်နိုင်ငံပူးပေါင်း၍ စီမံဆောင်ရွက်သွားရန်၊ ဆိုက်ဘာလုံခြုံရေး၊ အရေးကြီးသတင်းအချက်အလက်နှင့် ဆက်သွယ်ရေး အခြေခံအဆောက်အအုံများ တိုးတက်လာစေရန်၊ အရည်အသွေးမြင့်မားသည့် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ရေးအတွက် ဗီယက်နမ်နိုင်ငံ၏ ဥပဒေလုပ်ထုံးလုပ်နည်းများ ကောင်းမွန်လာစေရေး အတူတကွပူးပေါင်းဆောင်ရွက်သွားရန်နှင့် ရေရှည်တည်တံ့ပြီး အားလုံးပါဝင်သည့် စီးပွားရေးတိုးတက်မှုကို ဖော်ဆောင်သွားရန် စသည့်ကဏ္ဍများကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။   

နှစ်နိုင်ငံကိုယ်စားလှယ်များအနေဖြင့် ကမ္ဘာ့စီးပွားရေး၌ အင်ဒို-ပစိဖိတ်ဒေသ၏ အရေးပါမှုနှင့် ကြွယ်ဝသော၊ လွတ်လပ်သော၊ ပွင့်လင်းပြီး လုံခြုံမှုရှိသော အင်ဒို-ပစိဖိတ်ဒေသအဖြစ် တည် ဆောက်ရန် နှစ်နိုင်ငံအနေဖြင့် တူညီသော ပန်းတိုင်ရှိကြသည်ကို ထပ်လောင်းအတည်ပြုခဲ့ကြကြောင်း သိရှိရပါသည်။ 

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: International News