International News

ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမြို့တွင် ပထမဆုံး လွတ်လပ်သော ကုန်သွယ်မှုဇုန် တည်ထောင်ရန် အမျိုးသားလွှတ်တော်က အတည်ပြု

Last Updated:

Lien Chieu ဆိပ်ကမ်းနှင့် ချိတ်ဆက်လျက်ရှိသည့် ဒါနန်းမြို့တွင် လွတ်လပ်သော ကုန်သွယ်မှုဇုန် တည်ထောင်ရန် အစီအစဉ်ကို အမျိုးသားလွှတ်တော်မှ အတည်ပြုခဲ့ပြီး ဒေသတွင်း ရင်းနှီးမြှုပ်နှံမှု၊ ဘဏ္ဍာရေး၊ ကုန်သွယ်မှု၊ ခရီးသွားလုပ်ငန်းနှင့် အရည်အသွေးမြင့် ဝန်ဆောင်မှုများ မြှင့်တင်ရန် ရည်ရွယ်ကြောင်း VN Economy အွန်လိုင်းသတင်းဖော်ပြချက်အရ သိရှိရပါသည်။

အဆိုပါလွတ်လပ်သော ကုန်သွယ်မှုဇုန်အား ဇွန် ၂၆ ရက်က ကျင်းပဆဲဖြစ်သည့် အမျိုးသား လွှတ်တော် သတ္တမအကြိမ် အစည်းအဝေးတွင် အတည်ပြုခဲ့ပြီး ဒါနန်းမြို့ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အထူးဒီဇိုင်းရေးဆွဲထားသော ယန္တရားများနှင့် မူဝါဒအချို့ကို စမ်းသပ်လုပ်ဆောင်ခြင်း ဆိုင်ရာ ဆုံးဖြတ်ချက်၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဆုံးဖြတ်ချက်တွင် ရင်းနှီးမြှုပ်နှံမှုစီမံခန့်ခွဲမှု၊ ဘဏ္ဍာရေး၊ ဗျူဟာမြောက် ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်မှု၊ ကုန်သွယ်မှု၊ ဆက်သွယ်ရေး၊ သိပ္ပံနှင့် အလုပ်သမားဥပဒေများ အပါအဝင် နယ်ပယ်ပေါင်းစုံကို လွှမ်းခြုံထားသည့် မူဝါဒ ၃၀ ခု ပါဝင်ပြီး ဒါနန်းမြို့ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူဖြစ်စေမည်ဖြစ်သည်။

ဒါနန်းကုန်သွယ်မှုဇုန်တွင် ထုတ်လုပ်မှု၊ ဆိပ်ကမ်း ထောက်ပံ့ပို့ဆောင်ရေးနှင့် ကုန်သွယ်မှု ဝန်ဆောင်မှုစသည့် နယ်ပယ်သုံးခုပါဝင်ကြောင်းနှင့် လွတ်လပ်သော ကုန်သွယ်မှုဇုန်၏ ရင်းနှီး မြှုပ်နှံမှုနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းဆောင်တာများအတွက် ဒါနန်းပြည်သူ့ကော်မတီသို့ စီမံခန့်ခွဲခွင့်များပေးအပ်သွားမည်ဖြစ်သည်။

ဒါနန်းလွတ်လပ်သော ကုန်သွယ်မှုဇုန်သည် စီးပွားရေးဇုန်နှင့် ဆင်တူသော ရင်းနှီးမြှုပ်နှံမှု မက်လုံးများဖြစ်သည့် ကော်ပိုရိတ်ဝင်ငွေခွန် မက်လုံးများ၊ မြေငှားရမ်းခ ကင်းလွတ်ခွင့်/ လျော့ချခြင်း အပါအဝင် အခြားသော အကျိုးခံစားခွင့်များ ရရှိမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

 

 

 

Source: Vietnam Economic Times

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News