International News

ထိုင်းနိုင်ငံ ကျန်ထပူရီကို တရုတ်နိုင်ငံသို့ နံပါတ် ၁ သစ်သီးတင်ပို့သည့် ဒေသအဖြစ် မြှင့်တင်သွားရန်ရှိ

Last Updated:

ထိုင်းနိုင်ငံ ကျန်ထပူရီကို တရုတ်နိုင်ငံသို့ နံပါတ် ၁ သစ်သီးတင်ပို့သည့် ဒေသအဖြစ် မြှင့်တင်သွားမည်ဖြစ်ပြီး ကြိုတင်စာချုပ်များမှတစ်ဆင့် ဘတ် ၃ ဘီလီယံ တန်ဖိုးရှိသော ဒူးရင်းသီးနှင့် မင်း ဂွတ်သီး ရောင်းအားကို မြှင့်တင်ရန်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားခဲ့ပါသည်။

ကြိုတင်စာချုပ်များမှတစ်ဆင့် သစ်သီးတင်ပို့မှုမြှင့်တင်ရန် ထိုင်းနှင့် တရုတ် စိုက်ပျိုးရေးဆိုင်ရာ ပို့ကုန်သွင်းကုန်အသင်းနှင့် တရုတ်သစ်သီးဈေးကွက်ရှာဖွေရေးအသင်းတို့အကြား  နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ အဆိုပါ စာချွန်လွှာသည် ထိုင်းတောင်သူများအတွက် ဈေးနှုန်းတည်ငြိမ်စေရေးနှင့် ဝင်ငွေတိုးမြှင့်စေရန် အာမခံချက်ပေးနိုင်ရုံသာမက ကမ္ဘာ့ဈေးကွက်တွင် ထိုင်း သစ်သီးများ၏ အရည်အသွေးကို မြှင့်တင်ပေးနိုင်ပါကြောင်း၊ ကျန်ထပူရီသည် ထိုင်းနိုင်ငံ၏ အပူပိုင်း သစ်သီးများ အဓိက ရင်းမြစ်ဖြစ်ကြောင်း၊ ပြည်နယ်အတွင်း ပေါများစွာစိုက်ပျိုးသည့် သစ်သီးအမျိုး အစား ၇ မျိုးမှာ ဒူးရင်းသီး၊ ကြက်မောက်သီး၊ မင်းဂွတ်သီး၊ ရေငန်းသီး (အချို) (Zalacca)၊ ကနစိုသီး (Longkong)၊ ရွှေငှက်ပျော နှင့် လေချူသီး (Longan)တို့ ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန ဝန်ကြီး Mr. Phumtham Wechayachai ၏ ပြောကြားချက်အရ သိရှိရပါသည်။

ဝန်ကြီးဌာနအနေဖြင့် ဒူးရင်းသီးနှင့် မင်းဂွတ်သီးတန်ချိန် ၂၀,၀၀၀ အတွက် စာချုပ်ကို တရုတ်ဝယ်လက်ဖြစ်သော Kaf Import and Export Co နှင့် တရုတ်ဈေးကွက်တွင် ထိုင်းသစ်သီး အရည်အသွေးကို သေချာစေရေးအတွက် တရုတ်သက်သေခံလက်မှတ်နှင့် စစ်ဆေးရေးစင်တာ (China Certification and Inspection Center-CCIC) (ထိုင်း) တို့အကြား ချုပ်ဆိုပြီးဖြစ်ကြောင်း၊ ကျန်ထပူရီ သည် ၁ နှစ်လျှင် ဒူးရင်းသီးတန်ချိန် ၅၀၀,၀၀၀ ထွက်ရှိပါကြောင်း၊ “Monthong”ဒူးရင်းသီး၏ ဈေးကွက် တန်ဖိုးမှာ ရာသီအစဖြစ်သဖြင့် ၁ ကီလိုဂရမ်လျှင် ၂၆၀ ဘတ်ဖြစ်ကြောင်း၊ မမှည့်သေးသော အသီးများ ဆွတ်ခူးရောင်းချမှုကို ကာကွယ်ရန်အတွက် စိုက်ပျိုးသူများသည် ဒူးရင်းသီးခူးဆွတ်ရန်အတွက် ပြည် နယ်စိုက်ပျိုးရေးရုံး၏ ခွင့်ပြုချက် တောင်းခံရန် လိုအပ်ကြောင်း သိရှိရပါသည်။

ဝန်ကြီးဌာနအနေဖြင့် တရုတ်နိုင်ငံ၏ အကောက်ခွန် နယ်စပ်စစ်ဆေးရေးဂိတ်များဖြစ်သော မိုဟန်နှင့် Youyiguan တို့မှ ဒူးရင်းသီးတင်ပို့မှုလွယ်ကူချောမွေ့စေရေးအတွက် လိုအပ်သော ထောက်ပံ့မှုများကို အဆက်မပြတ်ဆောင်ရွက်ပေးရန် အဆင်သင့်ဖြစ်နေပါကြောင်း၊ ၂၀၂၃ ခုနှစ်အတွင်း ထိုင်း နိုင်ငံ၏ လတ်ဆတ်၊ အေးခဲနှင့် သစ်သီးခြောက် တင်ပို့ခဲ့မှုသည် ဘတ် ၂၃၈ ဘီလီယံ ရှိပါကြောင်း၊ ဒူးရင်း သီးသည် ဘတ် ၁၄၁ ဘီလီယံဖြစ်ပြီး မင်းဂွတ်သိးသည် ဘတ် ၁၇ ဘီလီယံဖြစ်ကြောင်း၊ တရုတ်ပြည်မကြီးဖြစ်သော ရှန်ဟိုင်း၊ ကွမ်ကျိုး၊ Qingdao၊ ရှိယမန်၊ နန်နင်း၊ ချန်ဒူးနှင့် ကူမင်းနှင့် ပြည်မကြီး မဟုတ်သော ဟောင်ကောင်နှင့် ထိုင်ဝမ်တို့တွင် ထိုင်းနိုင်ငံ၏ ကုန်သွယ်မှုမြှင့်တင်‌ရေး ရုံး ၇ ရုံးရှိပါ ကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။

၂၀၂၄ ခုနှစ် သစ်သီးစိုက်ပျိုးရာသီတွင် ဒူးရင်းသီးတန်ချိန် ၅၆၁,၉၀၅၊ မင်းဂွတ်သီးတန်ချိန် ၉၃,၇၃၆ နှင့် လေချူသီး တန်ချိန် ၅,၃၀၈ အသီးသီးတိုးမြှင့်ထုတ်လုပ်နိုင်ရန် ခန့်မှန်းထားပြီး သစ်သီး စုစုပေါင်း တန်ချိန် ၇၁၆,၄၂၁ သို့ ရောက်ရှိရန် ခန့်မှန်းထားပါကြောင်း၊ သစ်သီး ကုန်သေတ္တာများ၏ ၈၀ ရာခိုင်နှုန်းသည် ကန်ထပူရီမှ ဖြစ်ပြီး ကုန်သေတ္တာ ၈၂၇ လုံးသည် ကောင်းမွန်သော ထုတ်လုပ်မှု အလေ့အကျင့် (Good Manufacturing Practice) စံနှုန်းများ အောင်မြင်ပြီးဖြစ်ကြောင်း၊ ယခုနှစ် အတွင်း ပို့ကုန်အတွက် သစ်သီးစိုက်ပျိုးမှုနှင့် အရည်အသွေးကို ထိန်းချုပ်ရန် ထုတ်လုပ်မှုအတွက် အစီအစဉ်များ၊ ပြည်တွင်းဈေးကွက်ရှာဖွေမှု၊ ပြည်ပဈေးကွက်ရှာဖွေမှုနှင့် ဥပဒေဆိုင်ရာကိစ္စရပ်များ စသည့် နယ်ပယ် ၄ ခုကို လွှမ်းခြုံသည့် အစီအမံ ၂၂ ခု ဆောင်ရွက်ထားပါကြောင်း ပြည်တွင်းကုန်သွယ်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Wattanasak Sur-iam က ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံသည် ဈေးကွက်ခိုင်မာမှုရှိသော သစ်သီးများဖြစ်သည့် ဒူးရင်းသီး၊ မင်းဂွတ်သီးနှင့် လေချူသီးတို့၏ စိုက်ပျိုးထုတ်လုပ်မှုကို မြှင့်တင်ခြင်းဖြင့်လည်းကောင်း၊ ဈေးနှုန်းသေချာမှုအတွက် တင်ပို့မည့် နိုင်ငံ၏ သက်ဆိုင်ရာ အသင်းအဖွဲ့များနှင့်လည်းကောင်း နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းဖြင့် လည်းကောင်း ပို့ကုန်အတွက် ဆောင်ရွက်လျက်ရှိပါကြောင်း သုံးသပ်ရပါသည်။

 

 

 

 Source: www.bangkok.com

 (စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News