International News

ထိုင်းနိုင်ငံသည် နေထိုင်မှုပုံစံထုတ်ကုန်များကို ပို့ကုန်များအဖြစ် ပိုမိုတင်ပို့လို

Last Updated:

ထိုင်းနိုင်ငံ၏ Soft Power ကို မြှင့်တင်ရန်နှင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း မျိုးဆက်သစ်များ၏ အရည်အသွေးကို ကမ္ဘာ့ဈေးကွက်တွင် မီးမောင်းထိုးပြလိုသဖြင့် နေထိုင်မှုပုံစံထုတ် ကုန်များကို တင်ပို့လိုကြောင်း သိရှိရပါသည်။

နေထိုင်မှုပုံစံနှင့် ဖက်ရှင်ထုတ်ကုန်များအတွက် အကြီးဆုံး အပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲတစ်ခုဖြစ်သည့် “STYLE Bangkok 2024” တွင် ဝန်ကြီးချုပ် Mr. Srettha Thavisin က အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း၊ ဝန်ကြီးချုပ်က ထိုင်းနှင့်နိုင်ငံတကာမှ လုပ်ငန်းရှင်များကို ကုန်သွယ်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရန်နှင့် မတူညီသော ထိုင်းဒီဇိုင်းနှင့် ထုတ်လုပ်ရေးတွင် မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်ခဲ့ကြောင်း၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဘုတ်အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် ပြပွဲဖြစ်ကြောင်း၊ စက်မှုလုပ်ငန်းများတွင် အသေးစားနှင့် အလတ်စားလုပ်ငန်းများက ၉၀ ရာခိုင်နှုန်းပါဝင်ပြီး အလုပ်သမား ၂ သန်းကျော် အလုပ်လုပ်ကိုင် နေကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံ၏ နေထိုင်မှုပုံစံနှင့် ဖက်ရှင်ထုတ်ကုန်များ၏ ပို့ကုန်များသည် ၎င်းတို့၏ အရည်အသွေး၊ လက်မှုပညာ၊ သဘာဝနှင့်လိုက်လျောညီထွေရှိသော ကုန်ကြမ်းများနှင့် ပြောင်းလဲလျက်ရှိသည့် ကမ္ဘာ့ရေစီးကြောင်းနှင့် မသွေဖီသော ထူးခြားသည့် ဒီဇိုင်းများကြောင့် နိုင်ငံတကာတွင် အသိအမှတ်ပြုခံရကြောင်း၊ ပြပွဲသည် ပြည်တွင်းလက်မှုပညာရှင်၊ ဒီဇိုင်းပညာရှင်များနှင့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်မှုကို တိုးတက်စေရန်ဖြစ်ကြောင်း၊ အားလုံးပါဝင်ပြီး စဉ်ဆက်မပြတ်သော စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်လိုသည့် နိုင်ငံအစီအစဉ်ကို အားပေးရာရောက်ကြောင်း သိရှိရပါသည်။

ပို့ကုန်တန်ဖိုးနှင့် တန်ဖိုးမြှင့်တင်ရန်အလို့ငှာ ပြပွဲမှ ကုန်သွယ်မှုတန်ဖိုးကို ဘတ် ၁.၆ ထရီလီယံ ရရှိရန် ခန့်မှန်းထားပါကြောင်း၊ ၂၀၂၄ ခုနှစ်အတွင်း နေထိုင်မှုပုံစံနှင့် ဖက်ရှင်ထုတ်ကုန်များမှ ပို့ကုန်ဝင်ငွေသည် ဘတ် ၃၂၃ ဘီလီယံထက် ကျော်လွန်နိုင်သည်ဟု အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနက ခန့်မှန်းထားကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံသည် ပြည်တွင်း၊ ပြည်ပမှကုမ္ပဏီများ၊ လုပ်ငန်းရှင်များအား ဖိတ်ခေါ်၍ ကုန်စည်ပြပွဲများ ကျင်းပပေးခြင်းဖြင့် ထိုင်းနိုင်ငံ၏ ထုတ်ကုန်များအတွက် အခွင့်အလမ်းများ ဖန်တီးပေးလျက်ရှိပါသည်။ ထို့ပြင် နိုင်ငံတကာမှ လုပ်ငန်းရှင်များ လာရောက်ပြသခြင်းကြောင့်  ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ မြှင့်တင်ပေးလျက်ရှိကြောင်း သုံးသပ်ရပါသည်။

 

 

Source: www.bangkok.com

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News