International News

ဗီယက်နမ်နိုင်ငံ၏ ဒူးရင်းသီး တင်ပို့မှုအတွက် အစားအသောက် ဘေးကင်းရေးဆိုင်ရာနှင့် ပတ်သက်၍ တရုတ်နိုင်ငံမှ သတိပေး

Last Updated:

ဗီယက်နမ်နိုင်ငံမှ ဒူးရင်းသီးတင်ပို့မှုတွင် အစားအသောက် ဘေးကင်းရေးအတွက် သတ်မှတ်ထားသော ပမာဏထက် ကက်ဒမီယံသတ္တုများ ပိုမိုပါဝင်မှုကြောင့် သင်္ဘောတင်ပို့မှု ၃၀ ကျော်ခန့်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံအကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) မှ သတိပေးချက် ထုတ်ပြန်ခဲ့ကြောင်း ဗီယက်နမ် စိုက်ပျိုးရေးနှင့် ကျေးလက်ဝန်ကြီးဌာန လက်အောက်ရှိ အပင်ကာကွယ်ရေးဦးစီးဌာန၏ အဆိုအရ သိရှိရပါသည်။

စာရွက်စာတမ်းများကို သင်ဇိုင်း၊ လန်ဆမ်၊ ဒေါင်နိုင်၊ ဒါလတ်၊ ဟနွိုင်းရှိ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဌာနများ၊ သက်ဆိုင်ရာ အေဂျင်စီများနှင့် စီးပွားရေးလုပ်ငန်းများထံ ပေးပို့ခဲ့ပြီး အဆိုပါတင်ပို့မှု၏ မူလဇစ်မြစ်ကို ခြေရာခံပေးရန် တောင်းဆိုခဲ့ကြောင်း သိရှိရပါ သည်။

အပင်ကာကွယ်ရေးဦးစီးဌာနအနေဖြင့် GACC ၏ သတိပေးချက်များကို လက်ခံရရှိပြီး လိုက်နာရန် ပျက်ကွက်သည့် တင်ပို့ရောင်းချသူများ၊ စီးပွားရေးလုပ်ငန်းများအား ခြေရာခံခြင်း၊ ပြန်လည်သိမ်းဆည်းခြင်းနှင့် စည်းမျဉ်းစည်းကမ်းများလိုက်နာရန် ကိုင်တွယ်ဆောင်ရွက်ခဲ့သည်။

စီးပွားရေးလုပ်ငန်းများအနေဖြင့် ယခုကဲ့သို့ ဖြစ်ပွားမှု အကြောင်းရင်းများကို ရှာဖွေဖော်ထုတ်ရန်၊ ထုတ်လုပ်မှုမှ ရိတ်သိမ်းခြင်းနှင့် တင်ပို့ခြင်းအထိ မှတ်တမ်းအားလုံးကို ပြန်လည်သုံးသပ်ရန်နှင့် ဧပြီလ ၁ ရက်နေ့မတိုင်မီ အပင်ကာကွယ်ရေးဌာနဦးစီးဌာနထံ အစီရင်ခံ တင်ပြရမည်ဖြစ်ကြောင်း သိရှိရပါသည်။ တရုတ်နိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန်များ တင်ပို့မှုကို ထိခိုက်စေနိုင်သည့် ကောက်ချက်များ ရှောင်ရှားရန်အတွက် ဧပြီလ ၃ ရက်မတိုင်မီ အခြေအနေကို ပြည်လည်ပေးပို့နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံး ဒူးရင်းတင်ပို့သည့် ဈေးကွက်ဖြစ်ကြောင်း သိရှိရပါသည်။

၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံမှ ဒူးရင်းတန်ချိန် ၄၃၉,၀၀၀ ကို ဗီယက်နမ်နိုင်ငံမှ ဝယ်ယူရန် အမေရိကန်ဒေါ်လာ ၂.၁ ဘီလီယံသုံးစွဲခဲ့ကြောင်း သိရှိရပါသည်။ ၂၀၂၂ ခုနှစ်ထက် တန်ဖိုးအားဖြင့် ၁၀၃၆ ရာခိုင်နှုန်းနှင့် ပမာဏအားဖြင့် ၁၁၀၇ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ တရုတ်နိုင်ငံအနေ ဖြင့် ဗီယက်နမ်နိုင်ငံမှ ဒူးရင်းသီးများကို ၂၀၂၂ ခုနှစ် စက်တင်ဘာလမှစ၍ တရားဝင်တင်သွင်း ခွင့်ပြုခဲ့သည်။

တရုတ်နိုင်ငံတွင် ဗီယက်နမ်ဒူးရင်းဈေးကွက်ဝေစုသည် ၂၀၂၂ ခုနှစ်တွင် ၅ ရာခိုင်နှုန်းမှ ၂၀၂၃ ခုနှစ်တွင် ၃၄.၆ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်း၊ တရုတ်နိုင်ငံသို့ ဒူးရင်းတင်ပို့သည့် စျေးနှုန်းမှာ တစ်တန်လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ ၄၃၃၂.၂ ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် အေးခဲထားသော ဒူးရင်းတင်ပို့မှု ဈေးကွက်ကို ဖွင့်လှစ်ပါက ယခုနှစ် ဒူးရင်းတင်ပို့မှု အမေရိကန်ဒေါ်လာ ၃.၅ ဘီလီယံခန့် ရှိလာမည်ဟု မျှော်မှန်းထားကြောင်း ဖော်ပြထားသည်။

 

 

 Source : Vietnam News Agency

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News