International News

ဗီယက်နမ်နိုင်ငံမှ ထုတ်လုပ်သည့် ကြံရည်ကို အမေရိကန်ပြည်ထောင်စုတွင် လူကြိုက်များလာ

Last Updated:

ဗီယက်နမ်နိုင်ငံမှ ထုတ်လုပ်သည့်ကြံရည်ဘူး (Canned Sugarcane) များကို အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်မိုင်ယာမီရှိ စူပါမားကတ်များတွင် စတင်မိတ်ဆက်ခဲ့ကြောင်း Vietnam Plus အွန်လိုင်းသတင်းဖော်ပြချက်အရ သိရှိရပါသည်။

Lam Son Sugar Joint Stock Corporation (Lasuco) မှ ထုတ်လုပ်သည့် အဆိုပါထုတ်ကုန် Kanpe Red သည် US Food and Drug Administration (FDA)မှ သတ်မှတ်ထားသော စံနှုန်းများနှင့် ကိုက်ညီသည့်အတွက် စူပါမားကတ်များတွင် ရရှိနိုင်ပြီဖြစ်ပြီး စားသုံးသူများအကြား ရေပန်းစားလျက်ရှိကြောင်း ဖော်ပြထားပါသည်။

Mega 4 ၏ Bottling Company မှ CEO ဖြစ်သူ Henri Chaumin က ၎င်းတို့ကုမ္ပဏီအနေဖြင့် အဆိုပါထုတ်ကုန်အား မိုင်ယာမီအပြင်အခြားသော US ပြည်နယ်များသို့ ဖြန့်ဖြူးပေးမည်ဖြစ် ကြောင်း၊ ၎င်းအချိုရည်သည် မကြာမီ ဈေးကွက်အခိုင်အမာ နေရာရရှိလာမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

US မှ ဗီယက်နမ်ကုန်သွယ်မှုအတိုင်ပင်ခံ Do Ngoc Hung က ကြံသည် ကြီးမားသော ပို့ကုန်အလားအလာရှိပြီး အထူးသဖြင့် ကြံထွက်ကုန်များသည် ရောဂါပိုးမွှားအန္တရာယ် အကဲဖြတ်မှုမခံရသောကြောင့် အဆိုပါကြံထွက်ကုန်များကို အမေရိကန်ဈေးကွက်သို့ အချိန်မရွေးတင်ပို့နိုင် ကြောင်း ပြောကြားခဲ့သည်ဟု ဖော်ပြထားပါသည်။

 

 

Source: Vietnam Plus

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News