International News

ပထမနှစ်ဝက်အတွင်း ဗီယက်နမ်နိုင်ငံမှ ဒူးရင်းသီးတင်ပို့မှု ၄၅ ရာခိုင်နှုန်း မြင့်တက်လာ

Last Updated:

ဗီယက်နမ်နိုင်ငံသည် ၂၀၂၄ ခုနှစ် ပထမ ၆ လတွင် ဒူးရင်းသီး စုစုပေါင်းတန်ဖိုး အမေရိကန် ဒေါ်လာ ၁.၃၂ ဘီလီယံဖိုး တင်ပို့ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၄၅ ရာခိုင်နှုန်း တိုးလာကြောင်း အကောက်ခွန်ဦးစီးဌာန၏ အချက်အလက်များအရ သိရှိရပါသည်။ ၎င်းသည် အဆိုပါကာလ အတွင်း သစ်သီးတင်ပို့မှုအားလုံး၏ ၆၅ ရာခိုင်နှုန်းရှိပြီး အဓိကဈေးကွက်များစွာတွင် ရေပန်းစား လာမှုကို ပြသလျက်ရှိသည်။

ကိန်းဂဏန်းအချက်အလက်များအရ ဗီယက်နမ်ဒူးရင်းတင်ပို့မှုတွင် တရုတ်နိုင်ငံသည် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး စုစုပေါင်းတင်ပို့မှု၏ ၉၂ ရာခိုင်နှုန်းကျော်ရှိကြောင်း၊ ယခင်နှစ် အလားတူကာလထက် ၄၆ ရာခိုင်နှုန်း သိသိသာသာ တိုးမြင့်လာခဲ့ကြောင်း ဖော်ပြထားသည်။ ထိုင်းနိုင်ငံသည် ဗီယက်နမ်ဒူးရင်းဈေးကွက်တွင် ဒုတိယအကြီးဆုံးဈေးကွက်ဖြစ်ပြီး တင်ပို့မှု သိသိသာသာ ၉၀.၅ ရာခိုင်နှုန်း တိုးမြင့်ကာ အမေရိကန်ဒေါ်လာဒေါ်လာ ၄၇ သန်းအထိ ရောက်ရှိခဲ့သည်။

ဂျပန်နိုင်ငံသို့ ဗီယက်နမ်ဒူးရင်းတင်ပို့မှုသည် နှစ်ဆတိုးလာကာ အမေရိကန်ဒေါ်လာ ၂.၆ သန်းရောက်ရှိခဲ့သည်။ ဗီယက်နမ်မှ ကမ္ဘောဒီးယားနိုင်ငံသို့ ဒူးရင်းသီးတင်သွင်းမှုသည် ၂၃ ဆ တိုးလာကာ အမေရိကန်ဒေါ်လာ ၁.၆ သန်းရှိသည်။ Monthong ဒူးရင်းသီး အမျိုးအစားသည် အရသာ၊ အနံ့၊ အစေ့ငယ်များရှိပြီး အသွင်အပြင်နှင့် တာရှည်ခံခြင်းကြောင့် လူကြိုက်အများဆုံး ဖြစ်ကြောင်း ဖော်ပြထားသည်။

ဇူလိုင်လမှ အောက်တိုဘာလအထိ ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းကုန်းမြင့်၏ ဒူးရင်းရိတ်သိမ်းရာသီဖြစ်သောကြောင့် ဒူးရင်းတင်ပို့မှုသည် ယခုနှစ် ဒုတိယနှစ်ဝက်တွင် သိသိသာသာ တိုးလာမည်ဟု မျှော်လင့်ကြောင်း ဖော်ပြထားပါသည်။

ဗီယက်နမ်နိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ စေ့စပ်ညှိနှိုင်းမှုများ ဆောင်ရွက်ခဲ့ပြီး အေးခဲထားသော ဒူးရင်းတင်ပို့ရန်အတွက် လက်မှတ်ရေးထိုးတော့မည်ဖြစ်ပါသည်။ အဆိုပါ သဘောတူညီချက်အရ ဗီယက်နမ်နိုင်ငံ၏ ဒူးရင်းတင်ပို့မှုသည် ယခုနှစ်တွင် အ‌မေရိကန်ဒေါ်လာ ၃ ဘီလီယံအထိ ရှိလာမည်ဟုမျှော်လင့်ကြောင်း ဗီယက်နမ် အထွေထွေအတွင်းရေးမှူး Dang Phuc Nguyen ပြောကြားခဲ့ပါသည်။

ဒူးရင်းတင်ပို့မှုအတွက် အလားအလာကောင်းနေသော်လည်း စိန်ခေါ်မှုများ ရှိနေဆဲဖြစ်ကြောင်း၊ မကြာသေးမီက တရုတ်နိုင်ငံသို့ ဒူးရင်းတင်ပို့မှုအချို့မှာ တားမြစ်ဆေးများ ပါဝင်နေသည့် အတွက် ဗီယက်နမ်အာဏာပိုင်များသည် အဆိုပါကိစ္စရပ်နှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံ အာဏာ ပိုင် အဖွဲ့အစည်းများနှင့် ဆွေးနွေးလျက်ရှိပြီး စည်းမျဉ်းစည်းကမ်းများကို လိုက်နာမှုရှိစေရန် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း၊ နောက်တွင် အလားတူဖြစ်ရပ်မျိုး မဖြစ်အောင် ထုပ်ပိုးသည့် စက်ရုံများ၊ ကုန်သည်များနှင့် ပို့ကုန်လုပ်ငန်းရှင်များအား အရည်အသွေးထိန်းချုပ်မှု စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန် တင်းတင်းကြပ်ကြပ် တိုက်တွန်းထားကြောင်းဖြင့် ဖော်ပြပါရှိပါသည်။

 

 

Source: VN express International

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News