အဆင့်မြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ စိုက်ပျိုးရေးဆိုင်ရာနည်းပညာ၊ ကျန်းမာရေးဆိုင်ရာ နည်းပညာ၊ ရေရှည်တည်တံ့ရေးနှင့် ပတ်ဝန်းကျင်ထိခိုက်မှုသက်သာစေသည့် သယ်ယူ ပို့ဆောင်ရေးစသည့် နယ်ပယ်များတွင် နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ ဆောင်ရွက်နိုင်ရန်အတွက် နယ်သာလန်နိုင်ငံတွင် Global Innovation Alliance (GIA) ၂ ခု ကို Enterprise Singapore က တည်ထောင်ခဲ့ပါသည်။ GIA ၂ ခု တည်ထောင်မှုကို Singapore Week of Innovation and Technology (SWITCH) 2024 ၏ ဖွင့်ပွဲအခမ်းအနားတွင် စင်ကာပူနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ် Mr. Heng Swee Keat က ကြေညာခဲ့ခြင်းဖြစ်ပါသည်။
Amsterdam မြို့နှင့် Eindhoven မြို့တို့တွင် GIA ကို တည်ထောင်ခြင်းဖြစ်ပြီး ဒတ်ချ်ဈေးကွက်တွင် နည်းပညာကဏ္ဍ၌ စီးပွားရေးလုပ်ငန်း စတင်လုပ်ကိုင်ကြမည့် စင်ကာပူလုပ်ငန်းများအတွက် လုပ်ငန်းစတင် လုပ်ကိုင်နိုင်မှု အခင်းအကျင်းကို နားလည်စေရန်၊ စက်မှုကဏ္ဍရှိ မိတ်ဖက်များနှင့် ပူးပေါင်း ဆောင်ရွက်နိုင်စေရန်၊ တီထွင်ဖန်တီးမှုများကို ပူးတွဲဆောင်ရွက်နိုင်စေရန်၊ စမ်းသပ်ခန်းများနှင့် စီးပွားဖြစ်လုပ်ငန်းစဉ်များကို အထောက်အကူပြုရန်ဖြစ်ပါသည်။
စင်ကာပူနိုင်ငံသည် Amsterdam မြို့နှင့် Eindhoven မြို့တို့အပြင် ကမ္ဘာ့နေရာ ၂၃ ခု၌ GIA Acceleration Programme များကို ဆောင်ရွက်လျက်ရှိပြီး စတင်ဆောင်ရွက်ခဲ့သည့် ၂၀၁၉ ခုနှစ် မှစ၍ နည်းပညာကဏ္ဍတွင် လုပ်ငန်းစတင်လုပ်ကိုင်သည့် လုပ်ငန်း ၆၀၀ ကျော်ကို ဈေးကွက် ရရှိရေးအစီအစဉ်များစသည်ဖြင့် အကူအညီပေးခဲ့ပြီးဖြစ်ပါသည်။ စီမံကိန်းများ၏ ၄ ပုံ ၁ ပုံကျော်မှာ စီးပွားရေးလုပ်ငန်းများ ရေရှည်ဆက်လက်ဆောင်ရွက်နိုင်ခဲ့ပါသည်။
“စင်ကာပူနည်းပညာလုပ်ငန်းများအနေဖြင့် ဒတ်ချ်စီးပွားရေးမိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက် နိုင်ရန်၊ ဈေးကွက်လိုလားသည့် နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာစေရန် နယ်သာလန်နိုင်ငံရှိ GIA ကွန်ယက်ကို ခြေကုပ်ယူ၍ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ GIA ၂ ခုသည် အာရှနှင့် ဥရောပ ဒေသရှိ စီးပွားရေးလုပ်ငန်းများကို ချိတ်ဆက်ပေးနိုင်မည်ဖြစ်ကြောင်း” Enterprise Singapore ၏ GIA ဒါရိုက်တာဖြစ်သူ Ms. Bernice Tay က ပြောကြားခဲ့ပါသည်။
Enterprise Singapore နှင့် Startupbootcamp တို့ ပူးပေါင်း၍ ၁၂ ပတ်ကြာ GIA Acceleration Programme ကို Amsterdam မြို့ ဆောင်ရွက်သွားမည်ဖြစ်ပြီး စင်ကာပူအခြေစိုက် နည်းပညာ လုပ်ငန်းအသစ်များအနေဖြင့် ဈေးကွက်အသိပညာများရရှိရန်နှင့် ဈေးကွက်ဝင်ရောက်မှုဆိုင်ရာ မဟာဗျူဟာများပြင်ဆင်နိုင်ရန်အတွက် အွန်လိုင်းမာစတာသင်တန်းများ၊ နည်းပြသင်တန်းများ တွင် ပါဝင်နိုင်မည်ဖြစ်ပါသည်။ ဒတ်ချ်အခြေစိုက်လုပ်ငန်းသစ်များအနေဖြင့်လည်း စင်ကာပူနိုင်ငံ တွင် လုပ်ငန်းလုပ်ကိုင်လိုပါက Startupbootcamp နှင့် ပူးပေါင်းဆောင်ရွက်နိုင်ပြီး စင်ကာပူနိုင်ငံ ၏ တီထွင်ဆန်းသစ်မှုစီးပွားရေးစနစ်ကို လေ့လာနိုင်မည်ဖြစ်ပါသည်။
Enterprise Singapore နှင့် HighTechXL တို့ ပူးပေါင်း၍ GIA Eindhoven Acceleration Programme ကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ၂၂ ပတ်ကြာမြင့်မည့် အစီအစဉ်တွင် အဆင့်မြင့် ကုန်ထုတ်လုပ်ငန်းများ၊ ကျန်းမာရေးဆိုင်ရာနည်းပညာ၊ ရာသီဥတုဆိုင်ရာနည်းပညာများကို အလေးပေးဆောင်ရွက်သွားမည်ဖြစ်ပါသည်။ စင်ကာပူအခြေစိုက် နည်းပညာလုပ်ငန်းများအတွက် ဈေးကွက်တည်ရှိမှု၊ ဘဏ္ဍာရေးပုံစံ၊ ဈေးနှုန်းသတ်မှတ်မှု၊ ဝယ်ယူသူရရှိစေရေး မဟာဗျူဟာများ စသည့်နယ်ပယ်များတွင် အထူးအလေးပေးထောက်ပံ့မှုများ ပြုလုပ်သွားမည်ဖြစ်ပါသည်။ ဒတ်ချ် အခြေစိုက်လုပ်ငန်းသစ်များအနေဖြင့်လည်း စင်ကာပူနိုင်ငံရှိ လုပ်ငန်းမိတ်ဖက်များနှင့် ပူးပေါင်း ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
စင်ကာပူနိုင်ငံသည် တီထွင်ဆန်းသစ်မှု၊ နည်းပညာတို့ကို အလေးထား၍ အားပေးဆောင်ရွက် လျက်ရှိရာတွင် ကမ္ဘာ့နေရာအနှံ့ရှိ ၎င်း၏ စီးပွားရေးလုပ်ငန်းများအတွက် နည်းပညာ ပူးပေါင်း ဆောင်ရွက်မှုများရရှိစေရေး၊ သက်ဆိုင်ရာနိုင်ငံများရှိ နည်းပညာလုပ်ငန်းများနှင့် ချိတ်ဆက်မှုများ ရရှိစေရေး ဆောင်ရွက်လျက်ရှိပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
ရင်းမြစ်။ Enterprise Singapore
စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ စင်ကာပူမြို့