International News

စင်ကာပူနိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်နှင့် ဒီဂျစ်တယ် တီထွင်ဆန်းသစ်မှုကို မြှင့်တင်ရန်အတွက် စင်ကာပူခရီးသွားလုပ်ငန်းဘုတ်အဖွဲ့နှင့် Expedia Group တို့ ပူးပေါင်းဆောင်ရွက်

Last Updated:

စင်ကာပူခရီးသွားလုပ်ငန်းဘုတ်အဖွဲ့ (Singapore Tourism Board –STB) နှင့် ကမ္ဘာ့ အကြီးဆုံး ခရီးသွားလုပ်ငန်းဆိုင်ရာ နည်းပညာကုမ္ပဏီတစ်ခုဖြစ်သည့် Expedia Group တို့  သည် ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ချက်တစ်ခုအဖြစ် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပါသည်။ STB ၏ Assistant Chief Executive ဖြစ်သူ Ms. Juliana Kua နှင့် Expedia Group ၏ Chief Commercial Officer ဖြစ်သူ  Mr. Greg Schulze တို့က ပူးပေါင်းဆောင်ရွက်မှုအတွက် အပြန်အလှန် အထောက်အကူပြုမည့် အစီအစဉ်များ၊ ကတိကဝတ်များ ပါဝင်သည့် စာရွက်စာတမ်းများကို လဲလှယ်ခဲ့ကြပါသည်။

၂၀၂၄ ခုနှစ်တွင် စင်ကာပူနိုင်ငံသို့ ခရီးသွားဦးရေ ၁၅ သန်းမှ ၁၆.၅ သန်း လာရောက်ပြီး ခရီးသွားများ သုံးစွဲမည့်ငွေကြေးပမာဏမှာ စင်ကာပူဒေါ်လာ ၂၇.၅ ဘီလီယံမှ ၂၉ ဘီလီယံ အထိ ရှိမည်ဟု STB က ခန့်မှန်းထားပါသည်။ အဆိုပါခန့်မှန်းချက်ပြည့်မီစေရန် ရည်ရွယ်၍ နှစ်ဖက်အဖွဲ့အစည်းများအနေဖြင့် ပူးတွဲဈေးကွက်ရှာဖွေရေးပွဲများ ပြုလုပ်ခြင်း၊ Expedia Group ၏ နည်းပညာကို အသုံးချခြင်း၊ စင်ကာပူနိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍကို အထောက်အကူပြုခြင်းစသည့် မဟာဗျူဟာလုပ်ငန်းစဉ် ၃ ခုကို ပြုလုပ်သွားမည်ဖြစ်ပါသည်။ ပူးတွဲဈေးကွက်ရှာဖွေရေးပွဲများအနေဖြင့် Expedia Group Media Solutions ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်ရှာဖွေရေးပွဲတစ်ခုကို ပြုလုပ်မည်ဖြစ်ပြီး ခရီးသွားများ ပိုမိုလာရောက်စေရန်နှင့် စင်ကာပူနိုင်ငံ၏ ထူးခြားပြီး ဆွဲဆောင်မှုရှိသည့် ခရီးသွားအတွေ့အကြုံများကို နိုင်ငံတကာ ဈေးကွက်တွင် သိရှိစေရန် ရည်ရွယ်ပါသည်။ ခရီးသွားများနှင့် ချိတ်ဆက်နိုင်ရန်နှင့် စင်ကာပူနိုင်ငံတွင် ခရီးသွားအတွေ့အကြုံများ ပိုမိုရရှိစေရန်အတွက်  တီထွင်ဆန်းသစ်သည့် နည်းလမ်းများ ရရှိစေရေး  STB နှင့် Expedia Group တို့ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပါသည်။ ခရီးသွားလုပ်ငန်းကဏ္ဍရှိ မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ အသိပညာများ ဖလှယ်ခြင်းတို့မှတစ်ဆင့် စင်ကာပူနိုင်ငံကို ခရီးသွားများ ဦးစားပေးရွေးချယ်ရာဒေသ ဖြစ်စေရေး ဈေးကွက်ရှာဖွေမှုများ ပြုလုပ်သွားမည်ဖြစ်ပါသည်။

“Expedia Group နှင့် ပူးပေါင်းဆောင်ရွက်မှုအပေါ် ဝမ်းသာကြောင်း၊ Expedia Group ၏ တီထွင်းဆန်းသစ်သည့် နည်းပညာနှင့် STB ၏ ဈေးကွက်မြှင့်တင်ရေး ဆောင်ရွက်ချက်များ သည် စင်ကာပူနိုင်ငံသို့ လာရောက်ကြသည့် ခရီးသွားများနှင့် ပိုမိုချိတ်ဆက်မှုရရှိစေမည် ဖြစ်ပြီး ခရီးသွားများ ဝင်ရောက်မှုနှင့် စင်ကာပူနိုင်ငံတွင် ခရီးသွားများ ငွေကြေးသုံးစွဲမှုများ ပိုမို များပြားလာမည်ဖြစ်ကြောင်း” Ms. Juliana Kua က ပြောကြားခဲ့ပါသည်။

စင်ကာပူနိုင်ငံသည် ၎င်း၏ အားသာချက်ဖြစ်သည့် ခရီးသွားလုပ်ငန်းမှတစ်ဆင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ခရီးသွားများ လာရောက်ရာတွင် အဆင်ပြေ ချောမွေ့စေ ရေး၊ ဈေးကွက်မြှင့်တင်ရေးတို့တွင် နည်းပညာအသုံးချ၍ ဆောင်ရွက်လျက်ရှိကြောင်း သုံးသပ် ရပါသည်။ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးသွား လုပ်ငန်းကဏ္ဍတွင် အောင်မြင်နေသည့် နိုင်ငံများ၏ ဆောင်ရွက်မှုနည်းလမ်းများအနက် နိုင်ငံ၏ အခြေအနေနှင့်သင့်တော်မည့် နည်းလမ်းများကို ကိုးကားဆောင်ရွက်နိုင်မည်ဖြစ်ပါ ကြောင်း အကြံပြုတင်ပြအပ်ပါသည်။

ရင်းမြစ်။        Singapore Tourism Board

စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ စင်ကာပူမြို့

Category: International News