International News

ထိုင်းနိုင်ငံအတွင်းသို့ ဈေးနိမ့်ပါးသော သွင်းကုန်များဝင်ရောက်မှုကို ကာကွယ်ရန် Value-Added Tax (VAT) ကောက်ခံမည့် လုပ်ထုံးလုပ်နည်းအသစ်ကို ထိုင်းအစိုးရအဖွဲ့က အတည်ပြုခဲ့

Last Updated:

ထိုင်းနိုင်ငံ၏ ပြည်တွင်းဈေးကွက်အတွင်းသို့ အထူးသဖြင့် တရုတ်နိုင်ငံမှ ဈေးနိမ့်ပါးသော ကုန်စည်များ ဝင်ရောက်မှုကိုရပ်တန့်နိုင်ရေးအတွက် တင်သွင်းလာသော ကုန်စည် တန်ဖိုးသည် ၁ ဘတ် ကျော်ပါက Value-Added Tax (VAT) ကောက်ခံသွားမည့် မူဝါဒအစီအစဉ်ကို ထိုင်းအစိုးရအဖွဲ့က ခွင့်ပြု ခဲ့ပါကြောင်း ဘဏ္ဍာ‌ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါသည်။

အဆိုပါ သတ်မှတ်ချက်အသစ်သည် တော်ဝင်အမိန့်ကြော်ငြာစာထုတ်ပြန်ပြီးနောက် ၁၅ ရက် အတွင်း စတင်သက်ရောက်မည် ဖြစ်ပြီး ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ဖြစ်ပါကြောင်း၊ အစိုးရအနေဖြင့် မူဝါဒဆိုင်ရာ သက်ရောက်မှုများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ်မှစ၍ ကျင့်သုံးလျက်ရှိသော လက်ရှိ VAT အရ တင်သွင်းကုန်စည်သည် ဘတ် ၁,၅၀၀ ကျော်လွန်မှသာ VAT ပေးဆောင်ရပါကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်ခြင်းသည် တင်သွင်းသူနှင့် ပြည်တွင်းထုတ်လုပ်သူများ အကြား ထိန်းညှိပေးသည့် အစိုးရ၏ ဆောင်ရွက်ချက်တစ်ခုပင်ဖြစ်ကြောင်း၊ အွန်လိုင်းမှ ဈေးနိမ့်ပါး သော ပစ္စည်းများကြောင့် ပြည်တွင်းလုပ်ငန်းရှင်များ၏ ဝင်ငွေထိခိုက်လာသည်ဟု ပြည်တွင်းလုပ်ငန်း ရှင်များ၏ မကျေနပ်ချက်များကြောင့် VAT အသစ်ကို သတ်မှတ်ရခြင်း ဖြစ်ကြောင်း၊ ဈေးနိမ့်ပါးသော ပစ္စည်းများ ဝင်ရောက်မှုကို ရေရှည်ကာကွယ်ရန်အတွက် အခွန်ကုဒ်အမျိုးအစားကို ပြင်ဆင်သွားမည် ဖြစ်ကြောင်း အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ Mr. Chai Wacharonke က ပြောကြားခဲ့ပါသည်။

တရုတ်နိုင်ငံမှ ဈေးနှုန်းနိမ့်ပါးသော ပစ္စည်းများ ထိုင်းနိုင်ငံအတွင်းသို့ အလုံးအရင်းဖြင့် ဝင် ရောက်လာမှုကြောင့် ထိုင်းပြည်တွင်းထုတ်လုပ်သူများ၏ ဝင်ငွေအပေါ် ထိခိုက်မှုရှိလာသဖြင့် ထိုင်းနိုင်ငံ အစိုးရ၏ တင်သွင်းကုန်စည်အပေါ် VAT ကောက်ခံမည့် အနိမ့်ဆုံးပစ္စည်းတန်ဖိုး သတ်မှတ်ချက်အသစ် ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News