International News

ယခုနှစ် ပထမ ၅ လအတွင်း ထိုင်းနိုင်ငံ၏ စက်မှုကဏ္ဍ ပြန်လည်ကောင်းမွန်လာမှုကြောင့် တူနာပို့ကုန် တင်ပို့မှုတွင် ၁၃ ရာခိုင်နှုန်း မြင့်တက်မှုရှိခဲ့

Last Updated:

ယခုနှစ် ပထမ ၅ လအတွင်း ထိုင်းနိုင်ငံ၏ တူနာစည်သွပ်ဗူးပို့ကုန်များသည် ၁၃ ရာခိုင်နှုန်း တိုး တက်မှုရှိခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၉၇၉ သန်းရှိခဲ့ကြောင်း ကုန်သွယ်ရေးမူဝါဒနှင့် မဟာ ဗျူဟာရုံး ညွှန်ကြားရေးမှူးချုပ် Mr. Poonpong Naiyanapakorn က ပြောကြားခဲ့ပါသည်။

၂၀၂၄ ခုနှစ်အတွင်း တူနာစည်သွပ်ဗူး တန်ချိန် ၂၂၁,၀၉၂ ကို တင်ပို့ပြီးဖြစ်ကြောင်း၊ တူနာ စည်သွပ်ဗူးများကို တိရစ္ဆာန်အစာထုတ်လုပ်ရန် ကုန်ကြမ်းအဖြစ် အသုံးပြုပါကြောင်း၊ ၂၀၂၄ ခုနှစ် ပထမ ၅ လအတွင်း ထိုင်းနိုင်ငံ၏ တိရစ္ဆာန်အစာ တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၁.၀၇ ဘီလီယံ ဖြစ်ပါကြောင်း၊ တူနာစက်မှုကဏ္ဍရှိ တန်ဖိုးကွင်းဆက်တစ်လျှောက် ကုန်ပစ္စည်းအမယ်များတွင် တိုး တက်မှုရှိလာခဲ့သဖြင့် ၃၇.၆ ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်အတွင်း ထိုင်း နိုင်ငံ ၏ တူနာ စည်သွပ်ဗူး အများဆုံးတင်ပို့ခဲ့သည့် နိုင်ငံများမှာ အမေရိကန်၊ ဂျပန်၊ ဩစတြေးလျ၊ လစ်ဗျား နှင့် ဆော်ဒီအာရေဗျတို့ဖြစ်ကြောင်း၊ တူနာအများဆုံးတင်ပို့သည့် နိုင်ငံများမှာ ထိုင်း (အမေရိကန် ဒေါ်လာ ၂.၀၉ ဘီလီယံ)၊ အီကွေဒေါ (အမေရိကန်ဒေါ်လာ ၁.၁၂ ဘီလီယံ)၊ တရုတ် (အမေရိကန် ဒေါ်လာ ၈၃၂ သန်း)၊ စပိန် (အမေရိကန်ဒေါ်လာ ၇၉၂ သန်း) နှင့် နယ်သာလန် (အမေရိကန်ဒေါ်လာ ၃၁၄ သန်း) ဖြစ်ကြောင်း သိရှိရပါသည်။

ကမ္ဘာ့ဈေးကွက်တွင် အမေရိကန်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၁.၁၈ ဘီလီယံဖြင့် အကြီးဆုံး တူနာ စည်သွပ်ဗူး တင်သွင်းသူဖြစ်ကြောင်း၊ ၎င်းနောက် အီတလီ၊ စပိန်၊ ပြင်သစ်နှင့် ဂျာမနီတို့ ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံသည် အမေရိကန်၏ တူနာစည်သွပ်ဗူး ဈေးကွက်တွင် ဈေးကွက်ပိုင်ဆိုင်မှု ၃၈.၁ ရာခိုင်နှုန်းနှင့် ဥ‌ရောပဈေးကွက်တွင် ဈေးကွက်ပိုင်ဆိုင်မှု ၀.၅၉ ရာခိုင်နှုန်းရှိပါကြောင်း၊ ယခုနှစ်အတွင်း ထိုင်းတူနာဈေးကွက် မြင့်တက်လာခြင်း၏ အဓိက အကြောင်းရင်းမှာ တူနာကုန်ကြမ်းဈေး ကျဆင်း ခဲ့ပြီး  ဟာလာအစားအစာ ဝယ်လိုအား မြင့်တက်လာမှုနှင့် ပထဝီဝင်နိုင်ငံရေး အခြေအနေများကြောင့် ဖြစ်ကြောင်း၊ တူနာစည်သွပ်ဗူး တင်ပို့မှုတွင် ထိုင်းနိုင်ငံ၏ ယှဉ်ပြိုင်မှု အားသာချက်မှာ ထုတ်လုပ်မှု နည်း ပညာနှင့် နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီမှုတို့ကြောင့် ဖြစ်ကြောင်း Mr. Poonpong က သုံးသပ် ထားပါသည်။

ထို့ပြင် ထိုင်းနိုင်ငံသည် တူနာကုန်ကြမ်းများကို ဝယ်မှုရန်၊ ထုတ်လုပ်ရန်နှင့် အဓိက သွင်းကုန် ဈေးကွက်များသို့ ချိတ်ဆက်မှုလမ်းကြောင်းများ၌ ခိုင်မာသော ကွန်ယက်ရှိသည့် အရှေ့တောင်အာရှ၏ ဗဟိုတွင် တည်ရှိနေခြင်းကြောင့်ဖြစ်ကြောင်း၊ ယှဉ်ပြိုင်မှုနှင့် တူနာစည်သွပ်ဗူး ထိပ်တန်းနေရာတွင် ရပ်တည်နိုင်ရန်မှာ ထိုင်းနိုင်ငံအနေဖြင့် နိုင်ငံတကာ စံနှုန်းများနှင့် ကိုက်ညီရန် အရည်အသွေးကို ဦးစား ပေးထိန်းချုပ်ရန်၊ စဉ်ဆက်မပြတ်သော ပန်းတိုင်ကို အထောက်အပံ့ပေးရန်နှင့် အရှေ့အလယ်ပိုင်းနှင့် ဥရောပတို့ရှိ အလားအလာရှိသော ဈေးကွက်များကို တိုးချဲ့ရန် လိုအပ်ပါကြောင်း၊ ထိုင်းနိုင်ငံအစိုးရက ကမ္ဘာ့အစားအစာဖူလုံမှုအတွက် နိုင်ငံ၏ စိုက်ပျိုးရေး ကဏ္ဍကို အရှိန်မြှင့်တင်လိုကြောင်း Mr. Poon-pong က ဖြည့်စွက်ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံသည် ကမ္ဘာ့တူနာစည်သွပ်ဗူးတင်ပို့သည့် ထိပ်တန်းနိုင်ငံဖြစ်သည့်အားလျော်စွာ နိုင်ငံ ၏ ထိပ်တန်းနိုင်ငံအဆင့်အတန်းကို ထိန်းသိမ်းထားနိုင်ရေးအတွက် နိုင်ငံတကာ၏ စံနှုန်းများနှင့် ကိုက်ညီရန်၊ ကမ္ဘာ့နိုင်ငံများ၏ လားရာလမ်းကြောင်းဖြစ်သည့် စဉ်ဆက်မပြတ်ရှိစေရန်၊ ယှဉ်ပြိုင်မှုကို ထိန်းထားရန် နှင့် အလားအလာရှိသော ဈေးကွက်သစ်များ ရှာဖွေရန်နှင့်  စိုက်ပျိုးရေးကဏ္ဍကို မြှင့်တင်ရန် စိတ်အားထက်သန်လျက်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News