International News

တရုတ် e-commerce အကြီးစားအွန်လိုင်း လက်လီရောင်းချသူအသစ်ဖြစ်သော Temu ထိုင်းဈေးကွက် အတွင်း ဝင်ရောက်လာမှုကြောင့် ထိုင်းအွန်လိုင်းရောင်းချသူများအတွက် အနှောင့်အယှက် ဖြစ်လာနိုင်

Last Updated:

ထိုင်းဈေးကွက်အတွင်းသို့ တရုတ်အွန်လိုင်းလက်လီရောင်းချသူအသစ်ဖြစ်သော Temu ဝင် ရောက်လာမှုကြောင့် တရုတ်ပစ္စည်းအများအပြား ထိုင်းနိုင်ငံအတွင်း ရောက်ရှိလာနိုင်ကြောင်း ထိုင်းနိုင်ငံရှိ အွန်လိုင်းမှ ကုန်ပစ္စည်းရောင်းချသည့် ကုမ္ပဏီများမှ အကြီးတန်းအရာရှိများ၏ သုံးသပ်ပြော ကြားချက်များအရ သိရှိရပါသည်။

Temu ကြောင့် ပြည်တွင်း e-commerce ဈေးကွက်တွင် ဈေးနှုန်းပဋိပက္ခဖြစ်နိုင်ပြီး Lazada Shopee နှင့် Tiktok တို့အပေါ် သက်ရောက်နိုင်ရုံသာမက ပြည်တွင်းစက်ရုံများစွာ ပိတ်သိမ်းမှု ဖြစ်လာ နိုင်ကြောင်း၊ ထိုင်းအစိုးရအနေဖြင့် တရုတ်ပစ္စည်းများ အထူးသဖြင့် အရည်အသွေးနိမ့်ပစ္စည်းများနှင့် နယ်စပ်မှ တရားမဝင်တင်သွင်းလာသည့် ပစ္စည်းများ အများအပြား ဝင်ရောက်လာမှုကို ရပ်တန့်ရန် အစီ အမံများ ဆောင်ရွက်သင့်ပြီး ပြည်တွင်း အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများကလည်း တရုတ်ပစ္စည်းများ တင်သွင်းရောင်းချခြင်းကို ရပ်နားသင့်ကြောင်း E-commerce ပညာရှင်များက အကြံပြုထားပါသည်။

Temu Thailand Application သည် ရက် ၉၀ အတွင်း ပစ္စည်းကို အခမဲ့ ပြန်လည် ပို့ဆောင်ပေး ပြီး ပစ္စည်းများအပေါ် ၉၀ ရာခိုင်နှုန်းထိ ဈေးနှုန်းလျှော့ချပေးသကဲ့သို့ ဘတ် ၁,၀၀၀ လျှော့ဈေးလက် မှတ်များလည်း ပါဝင်ကြောင်း သိရှိရပါသည်။

ဈေးကွက်တွင်း အနှောင့်အယှက်ဖြစ်မှုအနေဖြင့် Temu ဝင်ရောက်လာခြင်းသည် နယ်စပ်ဖြတ် ကျော် ရောင်းချမှု၏ ယှဉ်ပြိုင်မှုကို ပြင်းထန်စေမည်ဖြစ်ကြောင်း၊ နယ်စပ်ဖြတ်ကျော် ပစ္စည်းများ၏ ဈေးကွက်ခွဲဝေမှု သိသိသာသာမြင့်တက်လာမည်ဟု မျှော်လင့်ထားသင့်ကြောင်း၊ အထူးသဖြင့် တရုတ်မှ တိုက်ရိုက်တင်ပို့မည့် ဖက်ရှင်နှင့် အိမ်အသုံးအဆောင်ပစ္စည်းများဖြစ်ကြောင်း၊ Tiktok ကို အာရုံစိုက် လျက်ရှိသော တံဆိပ်များသည် နောက်ပိုင်းတွင်လိုက်လာနိုင်ပြီး Live Commerce တွင် မည်ကဲ့သို့ ပါဝင် လာမည်ကို စိတ်ဝင်စားပါကြောင်း Lazada Thailand ၏ အကြီးတန်းအရာရှိဖြစ်သူ Mr. Alessandro Piscini က သုံးသပ်ထားပါသည်။

အမေရိကန်နှင့် ဥရောပတွင် တင်းကျပ်သော လုပ်ထုံးလုပ်နည်းများနှင့် ရင်ဆိုင်နေရသော ကြောင့် ပို့ကုန်ဈေးကွက်ရှာဖွေရန်လိုအပ်သော တရုတ် e-commerce လုပ်ငန်းရှင်များအတွက် အရှေ့တောင်အာရှသည် အားထားရာ ဖြစ်လာပါကြောင်း သုံးသပ်ထားပါသည်။

Temu ၏ မိခင်ကုမ္ပဏီမှာ တရုတ် e-commerce ဖြစ်သော PDD Holdings ဖြစ်ပြီး  အခြားသောပလက်ဖောင်းမှာ Pinduoduo ဖြစ်ကြောင်း၊ Temu သည် သုံးစွဲသူများထံ တိုက်ရိုက်ရောင်းချသော စက်ရုံကဲ့သို့ ဖြစ်ပြီး ဈေးနှုန်းသက်သာသည့်တံဆိပ်မဟုတ်သော ထုတ်ကုန်များကို ဦးစားပေးပါကြောင်း၊ စိန်ခေါ်မှုများသော စီးပွားရေးတွင် ဈေးနှုန်းနိမ့်သော ပစ္စည်းများသည် ဝယ်ယူသူကို ဆွဲဆောင်နိုင်ပြီး ပြည်တွင်း အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို ထိခိုက်နိုင်ကြောင်း၊ စက်ရုံများစွာ ပိတ်သိမ်းနိုင်ပြီး တရုတ်ပစ္စည်းများ သန်းနှင့်ချီ ဝင်ရောက်လာနိုင်ကြောင်း၊ Temu သည် ဈေးနှုန်းလျှော့ချသည့် အစီအစဉ်အပြင် တရုတ်မှ ဗန်ကောက်သို့ ၅ ရက်အတွင်း ပို့ဆောင်ပေးနိုင်သောကြောင့် တရုတ် ပစ္စည်းများ များပြားလာနိုင်ကြောင်း ထိုင်း e-commerce အသင်း ဂုဏ်ထူးဆောင် ဥက္ကဋ္ဌ Mr. Pawoot Pongvitayapanu က ဖြည့်စွက်သုံးသပ်ထားပါသည်။

ထိုင်းအစိုးရအနေဖြင့် တရားမဝင်နယ်စပ်ဖြတ်ကျော် ပစ္စည်းများအပေါ် အရေးယူဆောင်ရွက် သင့်ပြီး ကုန်ပစ္စည်းအရည်အသွေးမြှင့်တင်ရန်နှင့် ပြည်တွင်း SME များကို မျှတသော ယှဉ်ပြိုင်မှု ဖြစ်စေရန် တင်သွင်းပစ္စည်းများအပေါ် စံနှုန်းသတ်မှတ်ချက်များနှင့် လိုအပ်ချက်များကို တင်းကျပ်သင့်ပါ ကြောင်း၊ မူဝါဒချမှတ်သူများအနေဖြင့် ထိုင်းနိုင်ငံရှိ 1တရုတ် လုပ်ငန်းရှင်များအား တင်းကျပ်စွာ စစ်ဆေး သင့်ပါကြောင်း ၎င်းက အကြံပြုထားပါသည်။

Pinduoduo Holdings သည် တရုတ်စက်ရုံများမှ ပစ္စည်းများစွာကို Temu ဖြင့် ပြည်ပဈေး ကွက်များသို့ တိုးချဲ့ခြင်းဖြစ်ကြောင်း၊၂၀၂၂ ခုနှစ်တွင် အမေရိကန်၊ ၎င်းနောက် ဥပရော၊ ၂၀၂၃ ခုနှစ်တွင် ဖိလစ်ပိုင်နှင့် မလေးရှားတို့သို့ ဝင်ရောက်ခဲ့ပါကြောင်း၊ Temu တွင် ဒေသသုံး ဘာသာစကားနှင့် ကြီးမား သော စီးပွားရေးစနစ် ချိတ်ဆက်မှုရှိသဖြင့် Alibaba’s Ali Express ထက်ပင် ပိုမိုအောင်မြင်ပါကြောင်း၊ တံဆိပ်မဟုတ်သော တရုတ်ပစ္စည်းများ ထိုင်းနိုင်ငံတွင်း အများအပြား ဝင်ရောက်လာနိုင်ပြီး နောက်ပိုင်း တွင် Shopee ကဲ့သို့ပင် တံဆိပ်ထုတ်ကုန်များအတွက် TemuMall ကို ဖွင့်လှစ်လာနိုင်ကြောင်း၊ အစိုးရအနေဖြင့် ဘတ် ၁,၅၀၀ အောက်နည်းသော ပစ္စည်းများအတွက် အကောက်ခွန်အပါအဝင် သွင်းကုန်အစီအမံများကို ပိုမိုတင်းကျပ်သင့်ပါကြောင်း၊ တရုတ်ပစ္စည်းများကို တင်သွင်းရောင်းချသော ပြည်တွင်း SME များ အနေဖြင့် ဂရုစိုက်သင့်ပြီး ဆုံးရှုံးမှုများမှ ရှောင်ရှားရန် ယင်းပစ္စည်းများ ရောင်းချ ခြင်းကို ရပ်နားသင့်ကြောင်း Priceza Group အကြီးတန်းအရာရှိ Mr. Thanawat Malabuppha က သတိပေးပြောကြားပါသည်။

ထိုင်းနိုင်ငံတွင် အလားအလာမြင့်မားသည့် ဈေးကွက်ရှိပါကြောင်း၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ် တို့နှင့် နှိုင်းယှဉ်ပါက Direct Active User (DAU) ဈေးနှုန်းသည် မြင့်မားသဖြင့် Kuaishou ကဲ့သို့သော e-commerce ကြီးများသည် ထိုင်းနိုင်ငံသို့ ဝင်ရောက်ရန် မဆုံးဖြတ်သေးပါကြောင်း၊ ထိုင်းနိုင်ငံအတွင်း သို့ Temu ဝင်ရောက်လာခြင်းမှာ သုံးစွဲသူများသည် ပစ္စည်းများအတွက် အကောင်းဆုံး ဈေးနှုန်းကို ကြိုက်နှစ်သက်သောကြောင့် ဖြစ်ပါကြောင်း၊ ကုမ္ပဏီသည် ဩစတြေးလျတွင်လည်း ကြေညာပြီးဖြစ် ကြောင်း၊ Temu သည် Ali Express၊ Amazon၊ Shopee နှင့် Lazada ဈေးဝယ်များကို ပစ်မှတ် ထားပါကြောင်း၊ ကုမ္ပဏီဆောင်ပုဒ်မှာ “ဘီလီယံနာကဲ့သို့ ဈေးဝယ်ခြင်း” ဖြစ်ရာ ဝယ်ယူသူများတွင် ဘတ်ဂျက်အကန့်အသတ်မရှိသည်ဟု ခံစားရစေပါကြောင်း၊ ပြည်တွင်း SME များကို ဟောင်ကောင်နှင့် တရုတ်ဈေးကွက်သို့ ထိတွေ့နိုင်ရေး ကူညီပေးသွားမည် ဖြစ်ကြောင်း ထိုင်း e-business center (TeC) နှင့် ထိုင်း e-commerce အသင်း၏ ဥက္ကဋ္ဌ Ms. Kulthirath Pakawachkrilers က ပြောကြားခဲ့ပါသည်။

Temu သည် Lazada၊ Shopee နှင့် Tiktok တို့ကို အနှောင့်အယှက်ဖြစ်စေပါကြောင်း၊ ၎င်းသည် e-commerce ပမာဏကို တွန်းတင်သွားနိုင်ပြီး ပစ္စည်းဈေးနှုန်းများနှင့် ထောက်ပံ့ပို့ဆောင်ရေး ကုန်ကျ စရိတ်များကို နိမ့်ဆင်းစေမည်ဖြစ်သဖြင့် J&T နှင့် Flash တို့သည် ဈေးနှုန်းပဋိပက္ခဒဏ်ကို ခံစားရနိုင် ကြောင်း၊ ကုမ္ပဏီအနေဖြင့် e-commerce ကို ဆောင်ရွက်မည်ဖြစ်သော်လည်း Higher-end ဈေးကွက် များနှင့် နိုင်ငံတကာပါဆယ်များကိုသာ ဦးစားပေးသွားမည် ဖြစ်ကြောင်း Kerry Express (Thailand) အကြီးတန်းအရာရှိ Mr. Alex Ng က သုံးသပ်ပြောကြားခဲ့သည်။

မတည်ရင်းနှီးငွေကြီးမားသော ကုမ္ပဏီဖြစ်သည့် Temu ကို လျစ်လျူမရှုသင့်ကြောင်း၊ Temu သည် ပစ္စည်းများကို အမေရိကန်ဈေးကွက်ထက် ၈၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းကြား သက်သက် သာသာ ပေးနိုင်ကြောင်း၊ အမေရိကန်တွင် Temu သုံးစွဲသူသည် ၅ သန်းမှ သန်း ၁၀၀ ထိ တိုးတက်သွား ပါကြောင်း၊ Temu သည် ထိုင်းအွန်လိုင်းဝယ်ယူသူများကို ဈေးနှုန်းနှင့် ဝန်ဆောင်မှုတို့ဖြင့် ဆွဲဆောင်နိုင်ကြောင်း၊ ရေတိုတွင် ပြည်တွင်းထုတ်ကုန်စံနှုန်းများနှင့် စားသုံးသူ လုံခြုံစိတ်ချရသော အစီအမံများကို အစိုးရအနေဖြင့် ပြင်းပြင်းထန်ထန်ဆောင်ရွက်သင့်ပြီး ရေရှည်တွင် ပြည်တွင်း စီးပွား‌ရေးကို မထိခိုက်မီ အမေရိကန်၊ ဥ‌ရောပနှင့် အင်ဒိုနီးရှားတို့၏ အခွန်အစီအမံများကို လေ့လာသင့်ကြောင်း၊ တရားမဝင်နယ် စပ်ဖြတ်ကျော် ရင်းနှီးငွေများကို စောင့်ကြည့်ရန်နှင့် တင်သွင်းပစ္စည်းများအပေါ် အသုံးပြုမည့် ပြည် တွင်း စံနှုန်းများအတွက် တွန်းအားပေးမည့် ကော်မတီခွဲတစ်ခု ဖွဲ့စည်းရန် တောင်းဆိုလိုကြောင်း လွှတ်တော်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ ဥက္ကဋ္ဌ Mr. Sittiphol Viboonthanakul က ပြောကြားခဲ့ ပါသည်။

 

Source: www.bangkokpost.com  

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News