International News

ဂျာမန်ငွေကြေးဖောင်းပွမှုသည် ဇူလိုင်လတွင် ၂.၃ ရာခိုင်နှုန်း အထိ ရောက်ရှိခဲ့

Last Updated:

၃၀-၇-၂၀၂၄ ရက်တွင် ထုတ်ပြန်ခဲ့သော ပဏာမကိန်းဂဏန်းများအရ ဂျာမနီ၏ ငွေကြေး ဖောင်းပွမှုသည် ဇူလိုင်လတွင် မမျှော်လင့်ဘဲ မြင့်တက်ခဲ့ကြောင်း သိရှိရသည်။

The Federal Statistics Office (Destatis) ၏ ယင်းနေ့တွင် ထုတ်ပြန်ခဲ့သော အချက်အလက်အသစ်များတွင်လည်း လွန်ခဲ့သော တစ်နှစ်ကထက် စားသုံးသူစျေးနှုန်းများ ၂.၃ ရာခိုင်နှုန်းခန့် မြင့်တက်လာသည်ကို သိရှိခဲ့ရပြီး ယင်းကိန်းဂဏန်းများကို ဇွန်လတွင် တွေ့ရှိခဲ့ရသည့် နှစ်စဉ်မြင့်တက်လာမှုနှုန်း ၂.၂ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက တစ်လထက်တစ်လ ပိုမိုမြင့်တက်လာကြောင်းကို တွေ့ရှိနိုင်ပေသည်။

စီးပွားရေးပညာရှင်များမှ ငွေကြေးဖောင်းပွမှုကို တည်ငြိမ်ရန် မျှော်လင့်ခဲ့ကြပြီး၊  ifo Institute မှ ကောက်ယူသော စစ်တမ်းတစ်ခုတွင်လည်း ဂျာမန်ကုမ္ပဏီများအနေဖြင့် စားသုံးသူကဏ္ဍများတွင် စျေးနှုန်းများမြှင့်တင်ရန် အစီအစဉ်နည်းပါးကြောင်း ပြသခဲ့ကြသည်။

၂၀၂၄ ခုနှစ် ဇူလိုင်လ၏ ကိန်းဂဏန်းများသည် လာမည့်စက်တင်ဘာလတွင် အတိုးနှုန်း လျှော့ချရန် ရှိ-မရှိ ဟူသော ဥရောပဗဟိုဘဏ် (ECB) ၏ ဆုံးဖြတ်ချက်အပေါ် သက်ရောက်မှု ရှိနိုင်ပေသည်။

ဇူလိုင်လတွင် ထုတ်ပြန်လိုက်သော ဂျာမန်ငွေကြေးဖောင်းပွမှု ခန့်မှန်းချက်သည် ဥရောပဗဟိုဘဏ်၏မျှော်မှန်းချက်ဖြစ်သည့် ငွေကြေးဖောင်းပွမှုနှုန်း ၂ ရာခိုင်နှုန်းသို့ ပြန်မရောက်မီတွင် ဆောင်ရွက်ရန် နည်းလမ်းအချို့ ကျန်ရှိနေဆဲဖြစ်ကြောင်းကို ပြသနေသည်ဟု ING မှ လေ့လာ သုံးသပ်သူ  Mr. Carsten Brzeski က ပြောကြားခဲ့သည်။ ယင်းကိန်းဂဏန်းအချက်အလက်များ အရ ဥရောပဗဟိုဘဏ်အနေဖြင့် ငွေကြေးဖောင်းပွမှုကို လတ်တလောထိန်းချုပ်ရန် လွယ်ကူမည် မဟုတ်ကြောင်းနှင့် ပြင်သစ်နှင့် စပိန်တို့ကဲ့သို့သော နိုင်ငံများက စီးပွားရေး ပြန်လည်နာလန်ထူလာမှုကို ခံစားနေချိန်တွင် ဂျာမနီမှာ လက်ရှိ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အခြေအနေအရနောက်ကျကျန်နေခဲ့ပြီး ကွာဟမှုများ ကျယ်ပြန့်စွာရှိနေဆဲဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားခဲ့သည်။

၃၀-၇-၂၀၂၄ ရက် အစောပိုင်းတွင် ထုတ်ပြန်ခဲ့သော အချက်အလက်များ၌ ဂျာမနီ၏ စီးပွားရေးသည် ဒုတိယသုံးလပတ်တွင် မမျှော်လင့်ဘဲ ကျဆင်းသွားကြောင်းပြသခဲ့ပြီး၊ ကျွမ်းကျင် လုပ်သားရှားပါးမှု၊ စွမ်းအင်စျေးနှုန်းကြီးမြင့်မှုနဲ့ လျှပ်စစ်ဖြင့် မောင်းနှင်နိုင်ရေးအတွက်  ပြောင်းလဲထုတ်လုပ်လာရသော မော်တော်ကားထုတ်လုပ်မှုများ အစရှိသည့် အခြေအနေများအပါအဝင် စီးပွားရေးအကျပ်အတည်းများ ဖြစ်ပေါ်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

 

 

Source:         https://www.dw.com/en/german-inflation-edges-up-to-23-in-july/a-69810065 (စီးပွားရေးသံမှူး၊ ဘာလင်)

Category: International News