International News

ကုန်းမြေချိတ်ဆက်စီမံကိန်းနှင့်စပ်လျဉ်း၍ ပြန်လည်သုံးသပ်ခြင်းကို ယခုနှစ် စက်တင်ဘာလအတွင်း ဆောင်ရွက်ရန် ထိုင်းနိုင်ငံ အစိုးရအဖွဲ့က အချိန်ကာလသတ်မှတ်ခဲ့

Last Updated:

ထိုင်းနိုင်ငံ၏ တောင်ဘက်စီးပွားရေးစင်္ကြံဥပဒေ (မူကြမ်း) ကို ယခုနှစ် စက်တင်ဘာလကုန်တွင် အစိုးရအဖွဲ့သို့ တင်ပြသွားရန် ခန့်မှန်းထားပါကြောင်း၊ အစိုးရက ဘတ် ၁ ထရီလီယံ ကုန်းမြေချိတ်ဆက် စီမံကိန်းကို ၂၀၂၆ ခုနှစ်စတင်ဆောက်လုပ်သွားလိုကြောင်း ပို့ဆောင်ရေးဝန်ကြီး Mr. Suriya Jungrun-greangkit က ပြောကြားခဲ့ပါသည်။

စီမံကိန်းနှင့်စပ်လျဉ်း၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် ဒေသခံများ၏ မျှော်မှန်းချက်များနှင့် ကိုက်ညီစေရေး ပြန်လည်ပြင်ဆင်လျက်ရှိပြီး တတိယ ၃ လပတ်တွင် အပြီးသတ်နိုင်မည်ဟု ခန့်မှန်း ထားပါကြောင်း၊ ပို့ဆောင်ရေးနှင့် ယာဉ်စည်းကမ်းမူဝါဒနှင့် စီမံကိန်းရုံးက မူကြမ်းကို ဝန်ကြီးဌာနသို့ တင်ပြထားပြီးဖြစ်ကြောင်း၊ အစိုးရအဖွဲ့အနေဖြင့် စက်တင်ဘာလအတွင်း ပြန်လည်သုံးသပ်မည်ဖြစ်ပြီး လာမည့်နှစ် ဧပြီလတွင် အတည်ပြုချက်အတွက် လွှတ်တော်သို့ ရောက်ရှိနိုင်မည် ဖြစ်ကြောင်း၊ စီမံ ကိန်း၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေ့လာဆန်းစစ်ချက်ကို သက်ဆိုင်ရာ ဝန်ကြီးဌာနက ဆောင် ရွက်သွားမည် ဖြစ်ပါကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။

အဆိုပြုလွှာခေါ်ယူ၍ ရင်းနှီးမြှုပ်နှံသူများ ဖိတ်ခေါ်မည့် တင်ဒါလုပ်ငန်းစဉ်ကိုလည်း မူကြမ်း ပြင်ဆင်လျက်ရှိပါကြောင်း၊ အတည်ပြုထားသည့် ရင်းနှီးမြှုပ်နှံသူစာရင်းများကို လာမည့်နှစ် တတိယ ၃ လပတ်တွင် အပြီးသတ်ရွေးချယ်ပေးသွားမည် ဖြစ်ကြောင်း၊ စာချုပ်လက်မှတ်ရေးထိုးခြင်းကို ၂၀၂၆ ခုနှစ်တွင် ဆောင်ရွက်ရန် လျာထားပါကြောင်း၊ ဆောက်လုပ်ခြင်းကို အပိုင်း ၃ ပိုင်း ခွဲခြား ထားပြီး ပထမပိုင်းသည် ၂၀၂၆ ခုနှစ်တွင် စတင်၍ ၂၀၃၀ ပြည့်နှစ်တွင် ပြီးစီးရန်၊ ဒုတိယပိုင်းကို ၂၀၃၁ ခုနှစ်တွင် စတင်၍ ၂၀၃၄ ခုနှစ်တွင် ပြီးစီးရန်နှင့် နောက်ဆုံးပိုင်းကို ၂၀၃၅ ခုနှစ်တွင် စတင်၍ ၂၀၃၆ ခုနှစ်တွင် ပြီးစီးရန် လျာထားပါကြောင်း၊ စီမံကိန်းအတွက် လျာထားငွေ ဘတ် ၁ ထရီလီယံတွင် ရနောင်း ဆိပ် ကမ်းတည်ဆောက်ရန်အတွက် ဘတ် ၃၃၀ ဘီလီယံ၊ ချွန်ဖွန်ဆိပ်ကမ်းအတွက် ဘတ် ၃၀၅ ဘီလီယံ နှင့် အခြားသော ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အခြေခံအဆောက်အဦများအတွက် ဘတ် ၃၅၈ ဘီလီယံ လျာထားကြောင်း သိရှိရပါသည်။

ရင်းနှီးမြှုပ်နှံသူများအတွက် ဘဏ္ဍာရေးအရ ပြန်ရချက်မှာ ၈.၆၂ ရာခိုင်နှုန်းဖြစ်ကြောင်း၊ ယခု စီမံကိန်းသည် နိုင်ငံ၏ GDP နှစ်စဉ်တိုးတက်မှုနှုန်းကို ၄ ရာခိုင်နှုန်းမှ ၅.၅ ရာခိုင်နှုန်းကြား ရှိနိုင် မည်ဖြစ်ကြောင်း ရုံးက ထုတ်ပြန်ထားသည့် အစီရင်ခံစာကို ကိုးကား၍ ဝန်ကြီး Mr. Suriya က ဖြည့် စွက်ပြောကြားခဲ့ပါသည်။

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News